အောက်တိုဘာ – ၁၂ ၊၂၀၂၅ ၊ နိုင်ပကောင်း /People’s Spring
မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်ထဲက KNU တပ်မဟာ(၁)ထိန်းချုပ်ရာ ပျဉ်းမပင်ဆိပ်ရွာကို အောက်တိုဘာ ၉ ရက် ညပိုင်းကစစ်ကောင်စီလေတပ်က ဗုံးကြဲတာကြောင့် ကျောင်းသား ငါးဦး သေဆုံးပြီး ကိုးဦး အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ KNU ဒူးသထူခရိုင်( သထုံ) က သတင်းထုတ်ပြန်လာပါတယ်။
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ်မှာရှိတဲ့ပျဉ်းမပင်ဆိပ်ကျေးရွာအနောက်ဘက်ခြမ်းကို အောက်တိုဘာလ ၉ ရက် ညပိုင်း၈ နာရီ ၁၀ မိနစ်က လေယာဉ်နဲ့ဗုံးကြဲတာပါ။
လေကြောင်းတိုက်ခိုက်မှုအတွင်း နေအိမ် ၁၁ လုံးလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement
သေဆုံးသူတွေဟာအသက်အရွယ်အားဖြင့်တော့ ၆ နှစ်ကနေ ၁၂နှစ်အရွယ်တွေဖြစ်ကြပါတယ်။ ဒဏ်ရာရသူ ကိုးဦးရဲ့အသေးစိတ်အချက်အလက်တော့မသိရသေးပါဘူး။
အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းမှာလည်း KNU တပ်မဟာ (၄) ထိန်းချုပ်နယ်မြေ ထီးခီးကျေးရွာထဲဗုံးကြဲတိုက်ခိုက်လာတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ဖာပွန်ခရိုင်၊ KNU တပ်မဟာ(၅)နယ်မြေထဲကို စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ရာမှာ ကျောင်းသူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ (၅) က သတင်းထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – KPSN


















































