Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စက်ချွတ်ယွင်းပြီး ရေပေါ်ဖော် ခုတ်မောင်းခဲ့ရတဲ့ ရုရှားရေငုပ်သင်္ဘောကို NATO အကြီးအကဲ လှောင်ပြောင်

ရုရှား ရေငုပ်သင်္ဘောတစ်စီး စက်ချွတ်ယွင်းပြီး ပြင်သစ် ကမ်းလွန်မှာ ရေမျက်နှာပြင်ပေါ် ဖော်ပြီး ခုတ်မောင်းခဲ့ရတာနဲ့ ပတ်သက်လို့ NATO စစ်မဟာမိတ် အကြီးအကဲက လှောင်ပြောင်သွားခဲ့ပါတယ်။

ဓာတ်ပုံ - The Royal Navy

ရုရှား ရေငုပ်သင်္ဘောတစ်စီး စက်ချွတ်ယွင်းပြီး ပြင်သစ် ကမ်းလွန်မှာ ရေမျက်နှာပြင်ပေါ် ဖော်ပြီး ခုတ်မောင်းခဲ့ရတာနဲ့ ပတ်သက်လို့ NATO စစ်မဟာမိတ် အကြီးအကဲက လှောင်ပြောင်သွားခဲ့ပါတယ်။

ရုရှား ရေတပ်ကတော့ ဒီဇယ်အင်ဂျင် တပ်ဆင်ထားတဲ့ Novorossiysk ရေငုပ်သင်္ဘောဟာ ပြင်သစ်နိုင်ငံ ကမ်းလွန်၊ အင်္ဂလိပ် ရေလက်ကြားထဲမှာ ရေမျက်နှာပြင်ပေါ် ဖော်ပြီး ခုတ်မောင်းခဲ့ရတာဟာ စက်ပိုင်းဆိုင်ရာ ပြဿနာကြောင့် မဟုတ်ပါဘူးလို့ ငြင်းဆိုထားပါတယ်။ ရေငုပ်သင်္ဘောရဲ့ ရေမျက်နှာပြင်ပေါ်မှာ ခုတ်မောင်းမှုဟာ နိုင်ငံတကာ ရေကြောင်းသွားလာမှု စည်းမျဉ်းတွေနဲ့လည်း ကိုက်ညီပါတယ်လို့ ရုရှားက ပြောပါတယ်။

ဒါပေမဲ့ ပြိုင်ဘက် နိုင်ငံတွေရဲ့ ကမ်းလွန်နားမှာ ရေငုပ်သင်္ဘောတစ်စီးရဲ့ တည်နေရာကို ဖော်ပြပြီး ခုတ်မောင်းတာမျိုးက လုပ်ရိုးလုပ်စဉ် ကိစ္စတော့ မဟုတ်ပါဘူး။ အကျိုးဆက်အဖြစ် အဲဒီ ရေငုပ်သင်္ဘောရဲ့ ခရီးစဉ်ကို ဗြိတိန် စစ်သင်္ဘော တစ်စီးနဲ့ ရဟတ်ယာဉ် တစ်စီးက မျက်စိဒေါက်ထောက် လိုက်လံ စောင့်ကြည့်တာ ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ အဲဒီ ရေငုပ်သင်္ဘောကို မြောက်ပိုင်းပင်လယ်ပြင်ဖက်ဆီ ရုရှား ဆွဲသင်္ဘောတွေက ဆွဲယူသွားတာ တွေ့ခဲ့ရတယ်လို့ နယ်သာလန် အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ နယ်သာလန် ဝန်ကြီးချုပ်ဟောင်း တစ်ဦးဖြစ်သူ NATO အတွင်းရေးမှူးချုပ် မတ်ခ်ရူတေးက အဲဒီ ရုရှား ရေငုပ်သင်္ဘောရဲ့ အဖြစ်ကို ဆလိုဗေးနီးယား နိုင်ငံမှာ ပြောကြားတဲ့ မိန့်ခွန်းတစ်ခုထဲ ထည့်သွင်းပြီး လှောင်ပြောင်သွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူက ၁၉၈၄ ခုနှစ်ထုတ် တွမ်ကလန်စီရဲ့ ဝတ္ထုဖြစ်တဲ့ The Hunt for Red Octoberကို ကိုးကားခဲ့ပါတယ်။ အဲဒီ ဝတ္ထုဟာ ရုရှားရေတပ်ရဲ့ နည်းပညာ အမြင့်ဆုံး ရေငုပ်သင်္ဘော တစ်စီးက ပထမဆုံး ပင်လယ်ပြင် စစ်ဆင်ရေးမှာ ခြေရာဖျောက်သွားတဲ့နောက် ရုရှားနဲ့ အမေရိကန်တို့က အပြိုင်အဆိုင် လိုက်ရှာခဲ့ကြပုံကို စိတ်ကူးယဉ် ရေးသားထားတာပါ။

The Hunt for Red Octoberထဲမှာ ရုရှားက ရေငုပ်သင်္ဘောကို လိုက်ရှာခဲ့ပေမယ့် အခုတော့ အနီးဆုံး စက်ပြင်ဆရာကို လိုက်ရှာရနေပြီလို့ ရူတေးက ဆိုပါတယ်။ နောက်ပြီး စက်ပျက်နေတဲ့ ရေယာဉ်ဟာ အိမ်ကို ထော့ကျိုးထော့ကျိုးနဲ့ ပြန်သွားရှာတယ်လို့လည်း သူက ဆက်ပြောပါတယ်။

Novorossiyskဟာ ရုရှားရဲ့ ပင်လယ်နက် ရေတပ်ဖွဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ကြည့်ရသလောက် မြေထဲပင်လယ်ဖက်မှာ လှုပ်ရှားနေတဲ့ ရုရှား စစ်သင်္ဘောရယ်လို့ မရှိလောက်တော့ဘူး ထင်တယ်လို့လည်း ရူတေးက အရွှန်းဖောက်ခဲ့ပါတယ်။

ရုရှားရဲ့ လုံခြုံရေး အစီအမံဆိုင်ရာ စာရွက်စာတမ်းတချို့ ပေါက်ကြားမှုအရ အဲဒီ ရေငုပ်သင်္ဘောဟာ စက်တင်ဘာ ၂၇ ရက်နေ့မှာ လောင်စာဆီ ယိုစိမ့်မှု စတင်ကြုံခဲ့ပြီး ပေါက်ကွဲပျက်စီးနိုင်တဲ့ အန္တရာယ်ပါ ရှိခဲ့တယ်လို့ သိရပါတယ်။ နောက်တော့ မြေထဲပင်လယ်ကနေ ရုရှားဆီအပြန်မှာ ရေပေါ်ဖော်ပြီး ခုတ်မောင်းခဲ့ရတာ ဖြစ်ပါတယ်။ ဗြိတိန် ရေတပ်ကတော့ ရေပေါ်မှာ ထင်းထင်းကြီး ပေါ်နေတဲ့ အဲဒီ Kiloအဆင့် ရေငုပ်သင်္ဘောရဲ့ လမ်းကြောင်းကို အောက်တိုဘာ ၇ ရက်ကနေ ၉ ရက်နေ့ထိ စောင့်ကြည့်ခဲ့တယ်လို့ ဆိုပါတယ်။

နောက်တော့ ရေငုပ်သင်္ဘောနဲ့ အဲဒီရေယာဉ်ကို ဆွဲယူသွားတဲ့ သင်္ဘောကိုပါ နယ်သာလန် ရေတပ်က ဆက်လက် စောင့်ကြည့်ခဲ့ပါတယ်။ ရုရှား ပင်လယ်နက် ရေတပ်ဖွဲ့ကတော့ Kalibr ခရုစ်ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ အဲဒီ ရေငုပ်သင်္ဘောဟာ စက်ပိုင်းဆိုင်ရာ ပြဿနာကြောင့် မဟုတ်ဘဲ တမင် ရေမျက်နှာပြင်ပေါ် ဖော်ပြီး ခုတ်မောင်းခဲ့တာသာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ