အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့မှာ လောင်စာဆီတင် ထရပ်ကားကြီးတစ်စီး ယာဉ်တိုက်မှု ဖြစ်ပွားပြီး အကြီးအကျယ် ပေါက်ကွဲ မီးလောင်ရာက လူ ၃၁ ဦးထက်မနည်း သေဆုံးခဲ့သလို ပျက်စီးမှုတွေ အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။
ကိုင်ရို မြို့ပတ်လမ်းမှာ နိုဝင်ဘာ ၂၅ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုမှာ ကားနဲ့ မော်တော်ဆိုင်ကာ နှစ်ဒါဇင်ထက်မနည်း ပြာကျသွားခဲ့ပါတယ်။ သေဆုံးသူ ၃၁ ဦး စာရင်းရထားသလို ဆေးရုံရောက်နေသူ ၂၁ ဦးထက်မနည်း ရှိတယ်လို့လည်း သိရပါတယ်။ ပြီးတော့ ဒဏ်ရာပြင်းထန်ပြီး အခြေအနေ စိုးရိမ်ရသူတွေလည်း ရှိနေတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။
မီးမုန်တိုင်း တိုက်ခတ်သလို ဖြစ်နေတဲ့ နေရာမှာတော့ ကယ်ဆယ်ရေးတွေက မီးစွဲလောင်နေတဲ့ ကားတွေထဲ ပိတ်မိနေသူတွေကို အသည်းအသန် ဆွဲထုတ်နေတာတွေကိုလည်း တွေ့ခဲ့ရပါတယ်။
ဝါရက် ဧရိယာမှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုနဲ့ နောက်ဆက်တွဲ မီးလောင်မှုတွေအတွင်း ထိခိုက်သေဆုံးခဲ့သူတွေ၊ မိသားစုဝင်တွေ အားလုံးနဲ့ ထပ်တူ ဝမ်းနည်းကြောင်း အီဂျစ် သမ္မတ အက်ဘ်ဒဲလ် ဖာတား အယ်လ်စီစီက ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement
ရှေ့နေချုပ် ရုံးကတော့ မီးကျွမ်းနေတဲ့ ရုပ်အလောင်းတွေကို ဘယ်သူဘယ်ဝါ ခွဲခြားနိုင်ဖို့ DNA နမူနာတွေ စတင်ရယူနေကြောင်း ပြောကြားခဲ့ပါတယ်။
ဥမင်တစ်ခုပေါ်က ကျော်ပြီး ဖောက်လုပ်ထားတဲ့ လမ်းပိုင်းနေရာမှာ ဖြစ်ပွားတဲ့ ယာဉ်မတော်တဆမှုနဲ့ ပတ်သက်လို့တော့ အသေးစိတ် မသိရသေးပါဘူး။ မျက်မြင်တချို့က ထရပ်ကား ယာဉ်မောင်းဟာ သူ့ရဲ့ကားကို အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်က ကွန်ကရစ်တုံးတွေကို ဝင်တိုက်ရာက မီးစလောင်တယ်လို့ ပြောပါတယ်။ တချို့ကလည်း ထရပ်ကား ရှေ့ကို ဓာတ်ကြိုးကြီးတစ်ချောင်း ပြုတ်ကျလာလို့ ယာဉ်မောင်းက အသည်းအသန် တိမ်းရှောင်ခဲ့တာလို့ ဆိုပါတယ်။ ရှေ့နေချုပ် ရုံးကတော့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းနေဆဲလို့သာ မှတ်ချက်ပေးထားပါတယ်။
နိုဝင်ဘာ ၂၅ ရက်နေ့ ညပိုင်းမှာ ကျန်းမာရေး ဝန်ကြီး ခါလက်ဒ် အဘက်ဒဲလ် ဂက်ဖားက ဒဏ်ရာရသူတွေကို နီးစပ်ရာ ဆေးရုံတွေဆီ ပို့ဆောင်ထားကြောင်း၊ ဒဏ်ရာရသူတွေကို သူကိုယ်တိုင် သွားရောက် တွေ့ဆုံဖို့ စီစဉ်ထားကြောင်း သတင်းထောက်တွေကို ပြောပါတယ်။ လူ ၃၁ ဦး သေတယ် ဆိုတာက ကနဦး ရရှိထားတဲ့ ကိန်းဂဏန်းသာဖြစ်ပြီး ဒီထက် တိုးလာမှာကို စိုးရိမ်ရကြောင်းလည်း ဂက်ဖားက ဆိုပါတယ်။
အီဂျစ်ဟာ သယ်ယူပို့ဆောင်မှု လုံခြုံရေး စံနှုန်းတွေနဲ့ ပတ်သက်ရင် အတော်လေး မှတ်တမ်းဆိုးရွားတဲ့ နိုင်ငံတစ်ခု ဖြစ်ပြီး လမ်းပေါ်က မတော်တဆမှုတွေကြောင့် နှစ်စဉ် အများအပြား သေဆုံးနေပါတယ်။ အလွန်အကျွံ မြန်နှုန်းမြင့် မောင်းနှင်တာ၊ လမ်းတွေ ဆိုးရွားတာ၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်းတာတွေက လူအသေအပျောက် များပြားစေတဲ့ ယာဉ်တိုက်မှုတွေရဲ့ အဓိက အကြောင်းရင်းတွေ ဖြစ်နေပါတယ်။
ဇန်နဝါရီ လတုန်းကလည်း အီဂျစ်တောင်ပိုင်းက ဘန်နီဆူးဖ် ဒေသမှာ ကားတွေ စုပြုံပြီး တိုက်မိခဲ့တဲ့ ဖြစ်စဉ်တစ်ခုအတွင်း လူ ၂၁ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
ကိုးကား: CNA



























































