ယူကရိန်းနဲ့ နယ်စပ်နားမှာ မပျံသန်းရဇုန် (NFZ) သတ်မှတ်ဖို့ စီစဉ်နေကြောင်း ပိုလန် ကာကွယ်ရေး ဒုတိယ ဝန်ကြီးက အတည်ပြုခဲ့ပါတယ်။
ရုရှားနဲ့ ယူကရိန်းတို့ကြားက စစ်ပွဲကို အကြောင်းပြုပြီး နိုင်ငံ လေပိုင်နက်ကို အကြိမ်ကြိမ် ထိပါးခံနေရတာကြောင့် အခုလို စီစဉ်နေတာလို့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ ကာကွယ်ရေး ဒုတိယ ဝန်ကြီး ဆီဇာရီ တွမ်ဇစ်ခ်က မှတ်ချက်ပေးခဲ့ပါတယ်။
နိုင်ငံအရှေ့ပိုင်း နယ်စပ်မှာ NFZ သတ်မှတ်လိုက်ခြင်းအားဖြင့် လေပိုင်နက်ထဲ ကျူးကျော်လာတဲ့ ရုရှား ဒုံးကျည်နဲ့ ဒရုန်းတွေကို ပစ်ချရာမှာ ပိုလန်အတွက် လုပ်ထုံးလုပ်နည်းဆိုင်ရာ ပိုပြီး လွယ်ကူ ရှင်းလင်းသွားမှာ ဖြစ်ပါတယ်။
အစောပိုင်းမှာ ပိုလန် နိုင်ငံခြားရေး ဝန်ကြီး ရာဒိုဆလော် ဆီကော်စကီးက ယူကရိန်း လေပိုင်နက်ထဲမှာပဲ ရှိနေသေးပေမယ့် ပိုလန်နဲ့ နယ်စပ်ဖက်ကို ဦးတည်လာနေတဲ့ ဒရုန်းတွေကို ပိုလန်က ပစ်ချခွင့် ရသင့်ကြောင်း အကြံပြုခဲ့ပါတယ်။

Public Service Announcement
ဒါပေမဲ့ တွမ်ဇစ်ခ်ကတော့ ဆီကော်စကီးရဲ့ အကြံဉာဏ်ကို ပိုလန်ပါဝင်နေတဲ့ NATO စစ်မဟာမိတ် အဖွဲ့က ငြင်းပယ်ထားကြောင်း အတည်ပြုသွားပါတယ်။
စစ်သုံး ဂြိုဟ်တု ဓာတ်ပုံစင်တာတစ်ခု ဖွင့်လှစ်ပွဲ အခမ်းအနားကို တက်ရောက်ချိန်မှာ တွမ်ဇစ်ခ်က ကာကွယ်ရေး ဝန်ကြီးဌာနဟာ နိုင်ငံအရှေ့ပိုင်း နယ်စပ်မှာ NFZ သတ်မှတ်ဖို့ အစိုးရဆီ တောင်းဆိုသွားမယ်လို့ ပြောပါတယ်။ ဒီအစီအစဉ်ဟာ ပိုလန်ရဲ့ အမျိုးသား လုံခြုံရေးကို ကာကွယ်ဖို့ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ယူကရိန်းဆီ ဦးတည်ပစ်ခတ်ခဲ့ဟန်ရှိတဲ့ ရုရှားဒုံးကျည် ၃ စင်းက ပိုလန် အရှေ့တောင်ပိုင်း နယ်စပ်နား ကျရောက်ခဲ့တာကိုလည်း တွမ်ဇစ်ခ်က အတည်ပြုခဲ့ပါတယ်။
လေပိုင်နက် ကျူးကျော် ထိပါးခံရတာနဲ့ ပတ်သက်ပြီး ပိုလန်ကို NATOကလည်း အကူအညီတွေ ပေးဖို့ ကမ်းလှမ်းထားကြောင်း၊ အဲဒီထဲမှာ လေကြောင်း ကြိုတင် ထောက်လှမ်း သတိပေးမှုစနစ် (AWACS) လေယာဉ်တွေ ပိုလန်မှာ ဖြန့်ကျက်ထားဖို့လည်း အပါအဝင်ဖြစ်ကြောင်း သူက ဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ ပိုလန်ကလည်း လေပိုင်နက်ဆီ ချဉ်းကပ်လာတဲ့ အရာတွေကို အမျိုးအမည် ခွဲခြားပြီး လိုအပ်လာရင် ပစ်ချနိုင်တဲ့ အဆင့်တွေကို ပိုပြီး ထိရောက် လွယ်ကူအောင် တဖြည်းဖြည်းချင်း လုပ်ဆောင်နေကြောင်း တွမ်ဇစ်ခ်က ပြောကြားသွားပါတယ်။
နယ်စပ်နားမှာ NFZ သတ်မှတ်လိုက်မယ်ဆိုရင် ပိုလန်လေတပ် အတွက်လည်း လေပိုင်နက် ကာကွယ်ရေး မစ်ရှင်တွေကို ဆောင်ရွက်ရာမှာ ပိုပြီး ထိရောက် လွယ်ကူသွားလိမ့်မယ်လို့ သူက ဆိုပါတယ်။
တွမ်ဇစ်ခ်က ကာကွယ်ရေး ဝန်ကြီးဌာန ရည်ရွယ်ထားတဲ့ NFZဟာ နယ်စပ်ကနေ ပိုလန်နိုင်ငံ အတွင်းပိုင်း ကီလိုမီတာ ဒါဇင်တချို့လောက် အကျယ်အဝန်း ရှိနိုင်ကြောင်းလည်း မှတ်ချက်ပေးသွားပါတယ်။
NFZ သတ်မှတ်မှု အတည်ဖြစ်ပြီဆိုရင် ပိုလန် လေယာဉ်မှူးတွေဟာ အရာဝတ္ထု တစ်ခုခုက ယူကရိန်း လေပိုင်နက်ကို ကျော်လာပြီး သတ်မှတ်ထားတဲ့ မြန်နှုန်း၊ အမြင့်ပေကနေ ပျံသန်းလာတာကို ထောက်လှမ်း တွေ့ရှိတာနဲ့ ပစ်ချလို့ ရလာမှာ ဖြစ်ကြောင်း သူက ရှင်းပြပါတယ်။
တွမ်ဇစ်ခ်က ပိုလန်အနေနဲ့ ကိုယ်ပိုင် NFZ သတ်မှတ်မယ့်အပြင် NATOရဲ့ အရှေ့ခြမ်း နယ်စပ်တလျှောက်မှာ အလားတူ အစီအမံမျိုး ကျင့်သုံးဖို့ စစ်မဟာမိတ် အဖွဲ့ကို တိုက်တွန်းနေကြောင်းလည်း ပြောဆိုသွားပါတယ်။
ကိုးကား: DW


























































