တရုတ်အပါအဝင် ကုန်သွယ်ဖက် နိုင်ငံနဲ့ အစုအဖွဲ့ ၁၄ ခုဆီက သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မယ့် နှုန်းထား အသစ်တွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အဆိုပြုထားလိုက်ပါတယ်။
အဲဒီ နိုင်ငံနဲ့ အစုအဖွဲ့ ၁၄ ခု စာရင်းမှာ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဥရောပ သမဂ္ဂ (EU)တို့လို အမေရိကန်ရဲ့ မဟာမိတ်တွေလည်း ပါဝင်နေပါတယ်။ လျာထားချက်တွေအရ တရုတ်အပေါ် အမြင့်ဆုံး အတိုင်းအတာအဖြစ် သွင်းကုန်တန်ဖိုးရဲ့ ၄၀ ရာခိုင်နှုန်းထိ အခွန်စည်းကြပ်ဖို့ ရည်ရွယ်ထားပြီး ဗီယက်နမ်ကိုတော့ ၃၅ ရာခိုင်နှုန်း၊ ကျန်တဲ့ နိုင်ငံတွေကိုတော့ ၂၀ နဲ့ ၂၅ ရာခိုင်နှုန်းကြား အခွန်တိုးကောက်ဖို့ စီစဉ်ထားပါတယ်။
အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံး (USTR)က နိုဝင်ဘာ ၂၄ ရက်နေ့မှာ လျာထားအဆိုပြုချက် အခွန်နှုန်းထားတွေကို ကြေညာခဲ့သလို နိုင်ငံတစ်ခုချင်းစီအပေါ် သတ်မှတ်တဲ့ နှုန်းထားတွေက အမေရိကန် စီးပွားရေးအပေါ် ဘယ်လို သက်ရောက်မလဲ ဆိုတာကို အစီရင်ခံစာတွေ ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ အစိုးရက သတ်မှတ်ချင်တဲ့ အခွန်နှုန်းထား အသစ်တွေဟာ ၂၀၂၇ ခုနှစ် မတိုင်ခင် အသက်ဝင်လာဦးမှာ မဟုတ်သလို လူထုရဲ့ အမြင်ကို ဆန်းစစ်တာ အပါအဝင် အတည်ပြုချက်ရဖို့ လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဖြတ်သန်းရဦးမှာ ဖြစ်ပါတယ်။ လိုအပ်ရင် လွှတ်တော်ထဲမှာ ကြားနာမှုတွေ ပြုလုပ်တာလည်း ဖြစ်လာနိုင်ပါတယ်။

Public Service Announcement
ပြည်ပက သွင်းကုန်တွေအပေါ် အခွန်တိုးမြှင့် သတ်မှတ်ပြီး ကုန်သွယ်ဖက် နိုင်ငံတွေအပေါ် ဖိအားပေးခြင်းဟာ အမေရိကန်မှာ ထရမ့် ဒုတိယအကြိမ် သမ္မတ ဖြစ်လာချိန် ကတည်းက စတင်ကျင့်သုံးလာတဲ့ မဟာဗျူဟာ ကုန်သွယ်ရေး မူဝါဒ တစ်ခုလည်း ဖြစ်ပါတယ်။
အခွန်သစ် သက်ရောက်မယ့် နိုင်ငံတွေနဲ့ အစုအဖွဲ့တွေကတော့ တရုတ်၊ EU၊ စင်ကာပူ၊ ဆွစ်ဇာလန်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ထိုင်း၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်နဲ့ အိန္ဒိယတို့ ဖြစ်ပါတယ်။ ထရမ့်ရဲ့ အစိုးရက အဆိုပြုထားတဲ့ အခွန်နှုန်းထားသစ်တွေဟာ အမြင့်ဆုံး လျာထားချက်တွေဖြစ်ပြီး ကုန်သွယ်ဖက် နိုင်ငံတွေကတော့ အဲဒီ နှုန်းထားတွေ လက်တွေ့ အသက်ဝင်မလာခင် အမေရိကန်နဲ့ ညှိနှိုင်းလျှော့ချနိုင်ဖို့ မျှော်လင့်နေပါတယ်။
USTR အကြီးအကဲ ဂျေမီဆန် ဂရီယာကတော့ အစိုးရရဲ့ အခွန်စည်းကြပ်မှု အသစ်တွေဟာ အမေရိကန် အလုပ်သမားတွေအတွက် မျှတတဲ့ ယှဉ်ပြိုင်ခွင့် အခြေအနေတစ်ခု ဖန်တီးပေးပြီး ကမ္ဘာ့စီးပွားရေးအတွက် ရေရှည် အကျိုးဖြစ်ထွန်းစေမယ့် လမ်းကြောင်းသစ်တစ်ခု ဖန်တီးဖို့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အမေရိကန်ရဲ့ ကုန်သွယ်ဖက်နိုင်ငံ အများအပြားဟာ ဆယ်စုနှစ်တွေ အများကြီး ကြာလာတဲ့ထိ ကုန်သွယ်ရေးနဲ့ ပတ်သက်ရင် ကိုယ်ကျိုးကို အလေးပေးပြီး အမေရိကန်ရဲ့ ကုန်ထုတ်လုပ်မှု အခြေခံတွေကို အားနည်းအောင် ကြံဆောင်ပြီး စျေးကွက်ကို ကမောက်ကမ ဖြစ်အောင် လုပ်ဆောင်ခဲ့တယ်လို့လည်း ဂရီယာက စွပ်စွဲခဲ့ပါတယ်။
အခုသတင်းနဲ့ ပတ်သက်ပြီး တိုက်ရိုက် သက်ရောက်မယ့် နိုင်ငံတွေဖက်ကလည်း အမေရိကန်နဲ့ ထိတွေ့ ညှိနှိုင်းမှုတွေအတွက် ပြင်ဆင်နေပါတယ်။ ဗီယက်နမ်က အမေရိကန်နဲ့ ကုန်သွယ်ရေး သဘောတူညီမှုသစ်တစ်ခု အမြန်ဆုံး ရရှိနိုင်ရေး ညှိနှိုင်း ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပြီး ထိုင်ဝမ်ကတော့ အရင်က သဘောတူထားတဲ့အတိုင်း ကုန်သွယ်ခွန် ၁၅ ရာခိုင်နှုန်း သတ်မှတ်ချက်ကို ဆက်လက် ထိန်းသိမ်းထားဖို့ မျှော်လင့်ကြောင်း နိုဝင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။
ကိုးကား: BBC


























































