Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းထက် အရှေ့အလယ်ပိုင်းကို အမေရိကန်က အလွန်အကျွံ အာရုံစိုက်နေတယ်လို့ ဇီလန်စကီးပြော

ယူကရိန်း စစ်ပွဲနဲ့ယှဉ်ရင် အရှေ့အလယ်ပိုင်း အကျပ်အတည်းကို အမေရိကန်က အလွန်အကျွံ အာရုံစိုက်နေတယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Getty

ယူကရိန်း စစ်ပွဲနဲ့ယှဉ်ရင် အရှေ့အလယ်ပိုင်း အကျပ်အတည်းကို အမေရိကန်က အလွန်အကျွံ အာရုံစိုက်နေတယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

ကိယက်ဗ်မြို့မှာ BBCနဲ့ အင်တာဗျူး လုပ်ခဲ့ချိန်မှာ ဇီလန်စကီးက အမေရိကန်နဲ့ ပတ်သက်ပြီး စိတ်ပျက်အားလျော့တဲ့ သဘောမျိုးတွေ မှတ်ချက်ပေးသွားခဲ့တာ တွေ့ရပါတယ်။ အမေရိကန်ဟာ အီရန်ကိစ္စကြောင့် အလုပ်များနေပြီး ယူကရိန်း စစ်ပွဲ ရပ်စဲဖို့အတွက် ရုရှားအပေါ်မှာလည်း လုံလုံလောက်လောက် ဖိအားမပေးဘူးလို့ သူက ဆိုပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လူမှုကွန်ရက်ပေါ်မှာ သူနဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ ဖက်လှဲတကင်း နှုတ်ဆက်နေတဲ့ ဓာတ်ပုံကို တင်ထားခဲ့သလို ပူတင်ကိုလည်း သူ့ရဲ့ မိတ်ဆွေလို့ ရည်ညွှန်းထားခဲ့ပါတယ်။

အမေရိကန် သမ္မတက အဲဒီလို ပြောဆိုတာမျိုးက ထူးတော့ ထူးဆန်းနေကြောင်း၊ ပူတင်ဟာ ကျူးကျော်သူတစ်ယောက်၊ လူသတ်သမား တစ်ယောက်ဖြစ်ကြောင်း၊ သူ့ကို မိတ်ဆွေဖွဲ့လို့ မရကြောင်း ဇီလန်စကီးက ဆိုပါတယ်။ ပူတင်နဲ့ မိတ်ဆွေ ဖွဲ့တယ်ဆိုတာ ဒုတိယ ကမ္ဘာစစ်တုန်းက အဒေါ့ဖ်ဟစ်တလာနဲ့ ရင်းနှီးအောင် ပေါင်းသင်းတာနဲ့ တူနေကြောင်းလည်း သူက ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မနှစ်က နှစ်ဆန်းပိုင်းတုန်းက အိမ်ဖြူတော်မှာ ထရမ့်နဲ့ လူသိရှင်ကြား စကားအခြေအတင် ဖြစ်ခဲ့တဲ့နောက်ပိုင်း ဇီလန်စကီးဟာ အမေရိကန်နဲ့ ဆက်ဆံရေးမှာ ခြေလှမ်းတိုင်းကို ပိုပြီး သတိကြီးကြီး ထားနေရပါတယ်။ လတ်တလောမှာတော့ ထရမ့်စေလွှတ်တဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ဟာ ရုရှားနဲ့ ယူကရိန်းကြား စစ်ပြေငြိမ်းမှု ရရှိအောင် ကြားဝင် စေ့စပ်ပေးနေပေမယ့် သိသာထင်ရှားတဲ့ တိုးတက်မှုတွေတော့ ရှိမလာသေးပါဘူး။

အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံမှာ အခုလအတွင်း နောက်ဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး ဇီလန်စကီးက ရုရှားဖက်က သဘောထားတွေကို သိလာရလေလေ၊ ပြဿနာတွေ ပိုများလာလေလေ ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

နောက်ပြီး အမေရိကန် ကိုယ်စားလှယ် အဖွဲ့က ပြောထားသလိုမျိုး ဥရောပရဲ့ ကိုယ်စားလှယ်တွေကရော ငြိမ်းချမ်းရေး ဆွေးနွေးမှု စားပွဲဝိုင်းမှာ ဝင်ထိုင်ခွင့် ရပါ့မလားဆိုတာ သူသေချာ မပြောနိုင်ကြောင်း ဇီလန်စကီးက ဆိုပါတယ်။ ရုရှားဖက်ကတော့ အဲဒီကိစ္စကို လက်ခံဖို့ ခေါင်းမာနေဆဲ ဖြစ်ပါတယ်။

ကျူးကျော်စစ်ကို ငါးနှစ်လောက် တောင့်ခံလာရတဲ့ ယူကရိန်းဟာ ခြေကုန်လက်ပန်း ကျနေပြီး စစ်မှန်တဲ့ တိုးတက်မှု တစ်ခုခုကို မြင်တွေ့ချင်နေပြီလို့လည်း ဇီလန်စကီးက ဝန်ခံခဲ့ပါတယ်။ ယူကရိန်းအတွက် လိုအပ်နေတာက ရုရှားကို တွန်းလှန်ရာမှာ စစ်စစ်မှန်မှန် အကူအညီပေးမယ့် မဟာမိတ်မျိုးလို့လည်း သူက ပြောပါတယ်။

ကျူးကျော်သူနဲ့ ဆက်ဆံချိန်မှာ ကြားနေလိုလို လုပ်နေမယ်ဆိုရင် သဘောတရားက နစ်နာသူကိုရော၊ ကျူးကျော်သူကိုပါ အားပေးထောက်ခံတဲ့ အဓိပ္ပါယ် ဖြစ်နေကြောင်း၊ ဒါက မမှန်ကန်ကြောင်း ဇီလန်စကီးက ထောက်ပြသွားခဲ့ပါတယ်။

ဇီလန်စကီးက အခုဆိုရင် ယူကရိန်းဟာ ရုရှားဖက်က ပစ်ခတ်သမျှ ဒရုန်းအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို ကြားဖြတ် ဖျက်ဆီးနိုင်စွမ်း ရှိနေသလို ကိန်းဂဏန်းတွေက ဆက်တိုက် တိုးတက်လာနေကြောင်း ဆိုပါတယ်။ ဒါပေမဲ့လည်း နှစ်ဖက်ကြားမှာ အကြီးအကျယ် ကွာဟနေတာက ဒုံးကျည်တွေကို ကြားဖြတ် ပစ်ချနိုင်တဲ့ ဒုံးခွင်းဒုံး အရေအတွက်လို့ သူက ဝန်ခံပါတယ်။

အမေရိကန်ဟာ Patriot ဒုံးခွင်းဒုံး စနစ်မှာ တပ်ဆင်ပစ်ခတ်ရမယ့် ဒုံးကျည်တွေ ယူကရိန်းဆီ ပေးပို့ရာမှာ အကြီးအကျယ် နှောင့်နှေးနေတယ်လို့ သူက ပြောပါတယ်။ အမေရိကန် အနေနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေကို ဦးစားပေး ကူညီနေပြီး ယူကရိန်းကို မျက်ကွယ်ပြုသလို ဖြစ်နေတာကို စိတ်ပျက်မိကြောင်း၊ ဒီကိစ္စအတွက်လည်း ယူကရိန်းမှာ မေးခွန်း အကြီးကြီး ရှိနေကြောင်း ဇီလန်စကီးက ဆိုပါတယ်။ ဒုံးခွင်းဒုံးတွေ ပြတ်လပ်မှုရဲ့ တန်ဖိုးက လူ့အသက်တွေ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဒါ့အပြင် အမေရိကန်က ထောက်ပံ့ပေးထားတဲ့ Starlink အင်တာနက် ကွန်ရက်နဲ့ စစ်သုံးဗားရှင်းဖြစ်တဲ့ Starshield ကွန်ရက်တွေဟာ ရုရှားထိန်းချုပ်ထားရာ ယူကရိန်း ပိုင်နက် နယ်မြေတွေထဲမှာ မြန်နှုန်း ကန့်သတ် ခံထားရဆဲလို့ ဇီလန်စကီးက အတည်ပြုခဲ့ပါတယ်။ အဲဒီကွန်ရက်တွေကို အပြည့်အဝ အသုံးမချနိုင်တဲ့အခါ ယူကရိန်းရဲ့ တာဝေးဒရုန်း တိုက်ခိုက်မှု မစ်ရှင်တွေကို ထိခိုက်စေပါတယ်။ ဒါ့အပြင် ရုရှားရဲ့ ဒရုန်းတွေကို ကြားဖြတ် ဟန့်တားတဲ့ ဒရုန်းခွင်း ဒရုန်းတွေကို အသုံးပြုဖို့ပါ အခက်တွေ့စေပါတယ်။

Starlinkနဲ့ Starshieldတို့ရဲ့ မိခင်ကုမ္ပဏီ SpaceXမှာ နည်းပညာပိုင်း ပြဿနာ ရှိနေတာလား၊ မူဝါဒရေးရာကြောင့်လား ဆိုတာကို သူတကယ်ပဲ မသိတော့ကြောင်း၊ အမေရိကန် အစိုးရနဲ့ SpaceXတို့ဟာ ယူကရိန်းက စုံစမ်းမေးမြန်းတိုင်း တစ်ဖက်ကိုတစ်ဖက် ထိုးချပြီး ဘော်လီဘော ပုတ်နေကြောင်းလည်း ဇီလန်စကီးက ပြောကြားသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ