အောက်တိုဘာ-၁၈၊ ၂၀၂၅။ ထားမြတ်/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲနဲ့ သီပေါမြို့တိုက်ပွဲတွေမှာ အာဏာသိမ်း စစ်ကောင်စီတပ်ကို ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က ကူညီပေးမှု လမ်းကြောင်း ဖွင့်ပေးမှုရှိခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA) ပြောရေး ဆိုခွင့်ရှိသူ လွေးယေဦးက ပြောကြားချက်မှာ စွပ်စွဲပြောဆိုမှုသာဖြစ်တယ်လို့ SSPPက ဒီကနေ့ အောက်တိုဘာ ၁၈ရက်မှာ ထုတ်ပြန်ပါတယ်။
အဲဒီလိုစွပ်စွဲတာဟာ မဟုတ်မမှန်ဝါဒသတင်းဖြန့်လွှင့်မှုဖြစ်ပြီး ကန့်ကွက်ရှုတ်ချကြောင်းနဲ့ တိုက်ပွဲကြောင့် ဒေသခံလူထုထိခိုက်နစ်နာမှုတွေကို တာဝန်ယူ ဖြေရှင်းပေးဖို့ဖော်ပြပါတယ်။
TNLA ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောကြားချက်ဟာ SSPP/SSA အပေါ် လူထုနဲ့ တော်လှန်ရေးအင်အားစုတွေအကြား ထင်ယောင်ထင်မှား ဖြစ်စေတဲ့အပြင် SSPP/SSAအား နိုင်ငံရေးအရ ထိုးနှက်လိုမှု၊ လူထုများအကြား စည်းရုံးရေးကျဆင်းစေလိုသည့် ရည်ရွယ်ချက်ဖြစ်တယ်လို့ SSPP ကထုတ်ပြန်ခဲ့ပြီး အဲဒီလို နောက်မဖြစ်စေဖို့ ထိန်းသိမ်းကြပ်မတ်ဖို့ ၊ PSLF/TNLA ဘက်က တာဝန်ယူဖြေရှင်းပေးဖို့ လိုအပ်တယ်လို့ ဖော်ပြပါတယ်။

Public Service Announcement
နောင်ချို-ကျောက်မဲ-သီပေါ တိုက်ပွဲတွေမှာ SSPP/SSAဟာ စစ်ကောင်စီ၊ TNLA ဘယ်ဘက်ကမှ ဝင်ရောက်စွက်ဖက်တာမရှိဘူးလို့လည်း ထုတ်ပြန်ပါတယ်။
ဒါ့အပြင် စစ်ဘေးဒဏ်ခံရတဲ့ စစ်ဘေးရှောင်လူထုတွေကိုသာ ကြိုးစားကူညီတဲ့ လူထုကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ကြောင်း၊ စစ်ကောင်စီနဲ့ TNLAဟာ SSPP/SSA ထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲတွေ ဖော်ဆောင်ပြီး လူထုအသက်အိုးအိမ်စည်းစိမ်ပိုင်ဆိုင်မှုများကို ဆိုးရွားစွာထိခိုက်ပျက်စီးဆုံးရှုံးစေခဲ့တာဖြစ်လို့ အဲဒီ ဆုံးရှုံးမှုတွေအတွက် နှစ်ဖက်သော သက်ဆိုင်သူအဖွဲ့တွေက တာဝန်သိသိ တာဝန်ယူ ဖြေရှင်းပေးရမယ်လို့လည်း ထုတ်ပြန်ပါတယ်။
SSPP ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးဆီကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။
TNLAဟာ ၂၀၂၃ နှစ်ကုန်ပိုင်း ၁၀၂၇ စစ်ဆင်ရေးမှာ စစ်ကောင်စီသိမ်းပိုက်ထားတဲ့ မြို့ ၁၂မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီ စစ်ဆင်ရေးမှာ SSPP အနေနဲ့ ပါဝင်ခဲ့တာမရှိပါဘူး။
ဒါပေမဲ့ TNLAနဲ့SSPP ဟာ အရင်က မဟာမိတ်တွေဖြစ်သလို ရှမ်းမြောက်မှာ နှစ်ဖွဲ့ပေါင်းပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)တပ်တွေကို အတူတကွ တိုက်ခိုက်ခဲ့တာရှိပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလမှာတော့ သီပေါ၊ ကျောက်မဲ ၊ နမ့်ခမ်းအပါအဝင် ရှမ်းမြောက်ဒေသ အချို့မှာ SSPPနဲ့ TNLA အကြား နယ်မြေဆိုင်ရာနဲ့ပတ်သက်ပြီး ပြဿနာအချို့ရှိခဲ့ပြီး တိုက်ပွဲအချို့လည်းရှိခဲ့ပါတယ်။
၂၀၂၅ နွေကာလမှာတော့ စစ်ကောင်စီက TNLA သိမ်းပိုက်မြို့ရွာတွေကို ထိုးစစ်ဆင်တဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင်တဲ့အခါမှာ နောင်ချို၊ကျောက်မဲ၊ သီပေါမြို့တွေကို စစ်ကောင်စီက ပြန်လည်ဝင်ရောက်နေရာယူနိုင်ခဲ့ပါတယ်။ ကျောက်မဲ၊ သီပေါ နယ်တွေမှာ SSPP တပ်တွေလည်းရှိနေပါတယ်။
စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုအတွင်း တိုက်ပွဲဖြစ်တာတွေမရှိတဲ့ အခြေအနေမှာ SSPPက စစ်ကောင်စီကို ကူညီပေးတာ၊ သူတို့ ထိန်းချုပ်နယ်မြေမှာ ဖြန်သန်းသွားလာခွင့်ပြုတာ စတဲ့ သတင်းတွေအရင်ကတည်းကရှိနေပြီး အခု TNLA ပြောရေးဆိုခွင့်ရှိသူက မီဒီယာက တဆင့်ပြောဆိုမှုအပေါ် SSPPက ပြန်လည်ရှင်းလင်းလာတာလည်းဖြစ်ပါတယ်။
ဝါရင့်ရှမ်းတော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ SSPPအနေနဲ့ အာဏာသိမ်းစစ်တပ်နဲ့ ထိတွေ့ဆက်ဆံမှုရှိတာ၊ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားမှုမရှိသလောက်နည်းပါးတဲ့အခြေအနေမှာ ဝေဖန်မှုကြုံနေရတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။
SSPP နည်းတူ ရှမ်းတပ် RCSSကလည်း စစ်တပ်နဲ့တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီနဲ့ ထိတွေ့ဆွေးနွေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။
ရှမ်းမြောက်အရေးလေ့လာသူတဦးကတော့ စစ်ကောင်စီဟာ အခုလောလောဆယ် TNLAကိုထိုးစစ်ဆင်နေတာ ဖြစ်ပေမယ့် ရှမ်းမြောက်အခြေစိုက်တပ်တွေ ဖြစ်တဲ့ TNLA၊ SSPP၊ KIA၊ MNDAA တို့အကြား ညီညွတ်မှုမရှိ အတူတကွ စစ်ရေး၊နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှု မရှိပါက နောက်ပိုင်းမှာ စစ်ကောင်စီရဲ့ စစ်ရေးဖိအားကို တိုင်းရင်းသားအဖွဲ့အားလုံးရင်ဆိုင်ကြရမှာဖြစ်တယ်လို့ သုံးသပ်ပြောကြားထားပါတယ်။
SSPPနဲ့ TNLAဟာ ၀တပ်ဖွဲ့ UWSA ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင် အဖွဲ့အစည်းတွေလည်းဖြစ်တာကြောင့် မဟာမိတ်အချင်းချင်း ညီညွတ်ရေးတည်ဆောက်ပြီး စစ်ကောင်စီကို တိုက်ခိုက်သင့်တယ်လို့ ရှမ်းမြောက်အရေးလေ့လာသူက ပြောပါတယ်။


















































