Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ခြယ်လှယ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ အာဆီယံနဲ့ နိုင်ငံတကာကို HRW တိုက်တွန်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)နဲ့ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ အာဏာသိမ်း စစ်တပ်က တစ်ဖက်သတ် ခြယ်လှယ် ကျင်းပမယ့်ရွေးကောက်ပွဲကိုအတိအလင်းဆန့်ကျင်ပေးဖို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(HRW)က တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

စစ်တပ်​ရွေး​ကောက်ပွဲကို ဆန့်ကျင်​ကြောင်းဆန္ဒထုတ်​ဖော်နေကြစဥ်။ ဓါတ်ပုံ-DDMSC

​အောက်တိုဘာ-၂၀၊၂၀၂၅။People’s Spring

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)နဲ့ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ အာဏာသိမ်း စစ်တပ်က တစ်ဖက်သတ် ခြယ်လှယ် ကျင်းပမယ့်ရွေးကောက်ပွဲကိုအတိအလင်းဆန့်ကျင်ပေးဖို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(HRW)က တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

စစ်ကောင်စီက အပိုင်းလိုက် ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေကို ဒီဇင်ဘာလကုန်ပိုင်းမှာ စတင်မယ်လို့ ကြေညာထားပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ ဒီမိုကရေစီရေး အင်အားစုတွေကတော့ အတိုက်အခံ အင်အားစုတွေကို ဖမ်းဆီးချုပ်နှောင်ထားပြီး တစ်ဖက်သတ် ကျင်းပမယ့် အဲဒီ ရွေးကောက်ပွဲဟာ စစ်မှန်မှု မရှိနိုင်ကြောင်းဝေဖန်ထားပါတယ်။

HRWကတော့ အခုလထဲမှာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီး ညီလာခံနဲ့ အရှေ့အာရှထိပ်သီးညီလာခံတွေအတွင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲတွေအတွင်း နိုင်ငံတကာ ခေါင်းဆောင်တွေ အနေနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အတိအလင်း ဆန့်ကျင် ရပ်တည်ပြဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံ၊ အာဆီယံ မိတ်ဖက်တွေနဲ့ အရှေ့အာရှ ထိပ်သီး ညီလာခံ တက်ရောက်မယ့် နိုင်ငံတွေဆီ လိပ်မူတဲ့ အိတ်ဖွင့် ပေးစာမှာတော့ HRWက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အသိအမှတ် မပြုကြဖို့၊ စစ်ဗိုလ်ချုပ်တွေကို သံတမန်ရေးအရပိုမို အဆက်အသွယ် ဖြတ်တောက်ထားကြဖို့ တောင်းဆိုခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ ကြမ်းတမ်းရက်စက်တဲ့ လုပ်ရပ်တွေဟာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အာရှတိုက်ရဲ့အကြီးမားဆုံး လူသားချင်း စာနာမှု အကူအညီ လိုအပ်ချက်တွေ၊ အစုလိုက် ရွှေ့ပြောင်းရမှုတွေကို ဖြစ်ပေါ်လာစေတယ်လို့ HRW က ပြောပါတယ်။

လူပေါင်း ၃.၅ သန်းလောက်ကို နေရပ်စွန့်ခွာ ထွက်ပြေးစေခဲ့ပြီး သန်းနဲ့ချီတဲ့ ပြည်သူတွေကို ဆိုးရွားတဲ့ ဆာလောင်မှု အငတ်ဘေးမျိုး ကြုံစေခဲ့တဲ့ မြန်မာစစ်တပ်က အဲဒီ ရွေးကောက်ပွဲကို ကြီးမှူးမှာ ဖြစ်တာကြောင့် နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ ယုံကြည် အသိအမှတ် ပြုတာမျိုး လုံးဝ မဖြစ်သင့်ကြောင်း HRWက ထောက်ပြထားပါတယ်။

ပြီးတော့ ဇူလိုင် ၃၀ ရက်နေ့တုန်းက ရွေးကောက်ပွဲကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ထုတ်ပြန်တဲ့ ဥပဒေထဲမှာ ရွေးကောက်ပွဲကို နှောင့်ယှက်သူ၊ ဖျက်ဆီးသူ၊ ဝေဖန်သူတွေကို သေဒဏ်အထိ ပြင်းထန်တဲ့ စီရင်ချက်တွေ ချမှတ်နိုင်ကြောင်း မမျှမတသတ်မှတ်ထားတာကိုလည်း HRWက မီးမောင်းထိုးပြခဲ့ပါတယ်။ စက်တင်ဘာလမှာတော့ ရွေးကောက်ပွဲကို အွန်လိုင်းကနေ ရေးသား ဝေဖန်မိသာတစ်ဦးဟာ အဲဒီဥပဒေကြောင့် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ် ခံခဲ့ရပါတယ်။

ပြည်သူတွေအပေါ် အဖက်ဖက်က ဖိနှိပ်ထားပြီး တရားမဝင် နည်းလမ်းနဲ့ နိုင်ငံအာဏာကို ချုပ်ကိုင်ထားတဲ့အစုအဖွဲ့တစ်ခုကကျင်းပမယ့်ရွေးကောက်ပွဲရဲ့ တရားဝင်မှုကို အာဆီယံ ခေါင်းဆောင်တွေက ခြွင်းချက်မရှိ ပယ်ချ ငြင်းဆန်ဖို့လိုကြောင်းလည်း HRWက တိုက်တွန်းသွားခဲ့ပါတယ်။

HRWဟာ မကြာသေးခင်က မြန်မာ ဒုက္ခသည်တွေကို ပြည်တွင်းမှာ အခြေချပြီး အလုပ်လုပ်ခွင့် ပေးခဲ့တဲ့ ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့လည်း ချီးကျူးသွားခဲ့ကြောင်း သိရပါတယ်။

ကိုးကား-Jurist

ဆက်စပ်သတင်းများ