အောက်တိုဘာ-၂၂၊ ၂၀၂၅။ People’s Spring
(၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)ညီလာခံကို တက်ရောက်လာတဲ့ အာဆီယံနိုင်ငံတွေက လွှတ်တော်အမတ်တွေဟာ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုကြဖို့ ဆော်သြနေကြပါတယ်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ IPU ညီလာခံကို တက်ရောက်လာတဲ့ အာဆီယံလွှတ်တော်အမတ်တွေဟာ နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် ဥရောပသမဂ္ဂ(EU)အနေနဲ့ မြန်မာပြည်အရေးကို အာရုံစိုက်ကြဖို့၊ မြန်မာစစ်ဘေးရှောင်ဒုက္ခသည်တွေကို ကူညီကြဖို့နဲ့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုကြဖို့ တောင်းဆိုခဲ့ကြပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက လွှတ်တော်အမတ်တွေဟာ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို အတုအယောင်ရွေးကောက်ပွဲလို့ ကြေညာခဲ့ပြီး အဲဒီအတုအယောင်ရွေးကောက်ပွဲတွေဟာ မြန်မာပြည်သူတွေအတွက်သာမက လူ့အခွင့်အရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွေ ဆက်လက်ခိုင်မာဖို့ အာဆီယံဒေသတွင်းနိုင်ငံတွေအတွက်ပါ ခြိမ်းခြောက်မှုဖြစ်တယ်လို့ အင်ဒိုနီးရှားလွှတ်တော်အမတ် မာစီခရစ္စတီဘာရန်းက ပြောပါတယ်။

Public Service Announcement
အတုအယောင်ရွေးကောက်ပွဲဟာ မြန်မာပြည်သူအားလုံးအတွက် လွတ်လပ်ပြီး တရားမျှတမှာမဟုတ်ပါဘူးလို့ အာဆီယံလွှတ်တော်လူ့အခွင့်အရေးကော်မတီဥက္ကဋ္ဌလည်းဖြစ်သူ မာစီခရစ္စတီဘာရန်းက ဆိုပါတယ်။ မြန်မာပြည်သူတွေ၊ ရိုဟင်ဂျာပြည်သူတွေကို ပံ့ပိုးကူညီကြဖို့နဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲတွေကို အသိအမှတ်မပြုကြဖို့ သူက တောင်းဆိုသွားပါတယ်။
မလေးရှားလွှတ်တော်အမတ်ဝမ်ချန်းကလည်း မြန်မာ့အရေးနဲ့ပတ်သက်လို့ ဥရောပသမဂ္ဂလွှတ်တော်အမတ်တွေအပါအဝင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ကြောင်း အသိပေးပြီး အတူတကွ လုပ်ဆောင်နိုင်တာတွေ ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။ ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပဖို့ရှိတဲ့ စစ်ကောင်စီရွေးကောက်ပွဲကို လက်ခံလို့ မရကြောင်း ခိုင်မာပြတ်သားတဲ့သတင်းစကားကို အသိပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီသတင်းစကားကို သူ့မိခင်နိုင်ငံ မလေးရှားကို ပြန်လည်သယ်ဆောင်သွားမယ်လို့လည်း လွှတ်တော်အမတ် ဝမ်ချန်းက ပြောပါတယ်။
စစ်ကောင်စီရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့နဲ့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေ မစေလွှတ်ဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကို တောင်းဆိုသွားမှာဖြစ်တယ်လို့ လွှတ်တော်အမတ်ဝမ်ချန်းက ဆက်ပြောပါတယ်။
နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ဟာ ကမ္ဘာ့နိုင်ငံပေါင်း(၁၈၀)ကျော်က နိုင်ငံတော်အဆင့်လွှတ်တော်တွေနဲ့ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းမှုနောက် IPU အမှုဆောင်ကောင်စီဟာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရလွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPHကို အဓိက ဆွေးနွေးဖက်မိတ်ဖက်အဖြစ် အသိအမှတ်ပြုခဲ့ပြီး ဒီနေ့ထိတိုင် ဆက်လက်အသိအမှတ်ပြုထားပါတယ်။
လက်ရှိ ဂျီနီဗာမြို့မှာ ကျင်းပနေဆဲ ညီလာခံကိုလည်း မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အဖြစ် ဒေါက်တာဝင်းမြတ်အေးနဲ့ ဒေါ်ဇင်မာအောင်တို့ ဦးဆောင်တက်ရောက်နေတယ်လို့ CRPH က အောက်တိုဘာ ၂၁ မနေ့က သတင်းထုတ်ပြန်ထားပါတယ်။


















































