Connect with us

Hi, what are you looking for?

သတင်း

မောင်တောမှာ ခရီးသွားယာဉ်ကို ARSAက ခြုံခိုတိုက်ခိုက်ပြီး ပြည်သူအချို့ကို ဖမ်းဆီးသတ်ဖြတ်ဟု AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ခရီးသည်ယာဉ်ကို ARSAအဖွဲ့က ခြုံခိုတိုက်ခိုက်ပြီး ခရီးသွားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ကနဦး သတင်းထုတ်ပြန်ပါတယ်။

ARSAအဖွဲ့ဝင်များအား ၂ဝ၂၂ ဧပြီလလယ်ပိုင်းက တွေ့ရစဉ်

အောက်တိုဘာ-၂၂၊ ၂၀၂၅။ ထားမြတ်/People’s Spring

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ခရီးသည်ယာဉ်ကို ARSAအဖွဲ့က ခြုံခိုတိုက်ခိုက်ပြီး ခရီးသွားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ကနဦး သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၂ရက် နေ့လည်ပိုင်းမှာ မောင်တောမြို့နယ် ကျောက်ပန္ဒူရွာက အမျိုးသားတဦးဟာ ရသေ့တောင်မြို့နယ် စေတီပြင်ရွာကနေ ဆန်၊ ဆီ၊ဆား၊ငရုတ်သီးတွေဝယ်ယူပြီးခရီးသည် ၅ ဦးတင်ဆောင်ကာ ကျောက်ပန္ဒူရွာသို့ပြန်လာစဉ် မောင်တောမြို့နယ် မြိုယုရွာ အရှေ့ဘက်တံတားအနီးမှာ ARSA က ခြုံခိုတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

AA ရဲ့ ထုတ်ပြန်ချက်မှာ အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့လို့ ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

ARSA အဖွဲ့က ကားပေါ်ပါ ခရီးသွား ၅ဦးနဲ့ ယာဉ်မောင်းကို ဖမ်းခေါ်သွားသလို ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီး အစရှိတဲ့ စားသုံးကုန်တွေကိုယူဆောင်သွားတယ်လို့ ဖော်ပြထားပါတယ်။

အခင်းဖြစ်တဲ့နေရာကို AAက သွားရောက်ပြီး ဖမ်းဆီးခံရသူတွေကို လိုက်လံရှာဖွေရာ ဖြစ်စဉ်ဖြစ်တဲ့နေရာအနီးမှာ ဝေဝေစိုးနဲ့ နိုင်နိုင်ဆွေဆိုတဲ့ ခရီးသည် ၂ဦးဟာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံထားရပြီး ဝေဝေစိုးရဲ့ အလောင်းအနီးမှာ အသက် ၃နှစ် အရွယ် သမီးငယ်ကို အသက်ရှင်လျက်တွေ့ရှိခဲ့တယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် တိုက်ခိုက်ခံရမှုဘေးက ထွက်ပြေးလွတ်မြောက်လာတဲ့ ကားသမားနဲ့ ခရီးသည် အမျိုးသား တဦးကိုလည်း ဒဏ်ရာတွေနဲ့ ထပ်မံတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ခရီးသွားတွေကို ခြုံခိုတိုက်ခိုက်သတ်ဖြတ်ခဲ့တဲ့ ARSA တပ်ဖွဲ့ဝင်တွေကို လိုက်ရှာနေပြီး နောက်ဆက်တွဲ သတင်းတွေ ထပ်မံ အသိပေးမယ်လို့ AAက ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၁ရက်ကလည်း မောင်တောမြောက်ပိုင်းမှာ ဆိုင်ကယ် ကယ်ရီသမား ၃ဦးကို ARSAအဖွဲ့ဝင်တွေက ခြုံခိုတိုက်ခိုက်ခဲ့လို့ ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရာနဲ့ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

ARSA နဲ့ RSO အဖွဲ့တွေဟာ ဘင်္ဂလားဒေ့ရှ်နဲ့ အာရက္ခနယ်စပ် တလျှောက်နဲ့ ဘင်္ဂလားရှေ့ဒ် နိုင်ငံအတွင်း စခန်းတွေ တည်ဆောက်ပြီး အာရက္ခဒေသကို စိမ့်ဝင်ကာ AA ရဲ့ စခန်းတွေကို တိုက်ခိုက်တာ၊ အရပ်သား ပြည်သူတွေကို သတ်ဖြတ်တာ၊ ပြန်ပေးဆွဲတာ၊ခြိမ်းခြောက်တာတွေ ပိုမိုပြုလုပ်လာကြောင်း AA က အောက်တိုဘာ ဒုတိယပတ်မှာ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ