Connect with us

Hi, what are you looking for?

သတင်း

နမ္မတူနဲ့ မန်တုံမြို့ဆီ စစ်ကောင်စီတပ် ဦးတည်စစ်ကြောင်းထိုးနေ

သီပေါမြို့ကို ပြန်ရခဲ့တဲ့ စစ်ကောင်စီတပ်က နမ္မတူနဲ့ မန်တုံမြို့ဆီ စစ်ကြောင်းထိုးနေပြီး လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၅ အောက်တိုဘာ ၁၇ရက်က နမ္မတူမြို့ အထက(၁)ကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

အောက်တိုဘာ-၂၄၊၂၀၂၅။ လူအေး/People’s home

သီပေါမြို့ကို ပြန်ရခဲ့တဲ့ စစ်ကောင်စီတပ်က နမ္မတူနဲ့ မန်တုံမြို့ဆီ စစ်ကြောင်းထိုးနေပြီး လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က သီပေါမြို့ကို အောက်တိုဘာ ၁၅ရက်က သိမ်းယူခဲ့တာဖြစ်ပါတယ်။ သီပေါမြို့ကို တိုက်ခိုက်နေစဉ် နမ္မတူနဲ့ မန်တုံမြို့ကို ဗုံးကြဲခဲ့သလို မနေ့က အော်တိုဘာ ၂၃ရက်ညကလည်း နမ္မတူမြို့ပေါ်ကို ဗုံးကြဲခဲ့တယ်လို့ အဲဒီမြို့ဒေသခံတွေကပြောပါတယ်။

” တိုက်ပွဲရှိမနေဘဲနဲ့ ကြဲနေတာ။ ကျွန်မတို့ဘယ်ကိုပြေးရမှာလဲ။ အခုဆိုလမ်းတွေလည်းပိတ်။ထွက်လို့လည်းမရဘူး”လို့ နမ္မတူမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ယမန်နေ့ ည ၈နာရီ၄၉မိနစ်ခန့်မှာ နမ္မတူမြို့၊ နမ္မတူချောင်း တောင်ဘက်ကမ်းရှိ သတလ (ဝန်ထမ်း)ရပ်ကွက်က အလုပ်ခွင်သင်တန်းကျောင်းဘက်ကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲခဲ့တယ်လို့ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ SSPPက ထုတ်ပြန်ထားပါတယ်။

နမ္မတူမြို့ကိုဦးတည်လာတဲ့ စစ်‌ကောင်စီစစ်ကြောင်းတွေဟာ အောက်တိုဘာ ၂၁ရက် ညနေမှာ သီပေါနဲ့ နမ္မတူမြို့နယ်အစပ်က မိုးတေကျေးရွာအနီး မိုးတေတံတားအထိရောက်ရှိလာပြီး တအာင်းတပ်မတော် TNLAနဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ SSPPက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်ကြောင်းတချို့ဟာ မန်တုံမြို့ဘက်ကိုလည်း ဦးတည်နေပြီး စစ်ကြောင်းထိုးဖို့လုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

‌တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့မြို့တွေကို စစ်ကောင်စီက လေကြောင်းကနေအပြင်းအထန် ဗုံးကြဲပြီးမှ မြေပြင်စစ်ကြောင်းတွေဝင်တာကြောင့် နမ္မတူနဲ့ မန်တုံမြို့က ဒေသခံတွေစိုးရိမ်နေကြပါတယ်။

” ရှောင်စရာနေရာမရှိဘူး။ အရမ်းဒုက္ခရောက်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းလည်းမသိတော့ဘူး။ လေကြောင်းကလည်းမကြာခဏဝဲနေတယ်”လို့ မန်တုံမြို့ခံတစ်ဦးက ပြောပါတယ်။

TNLAဟာ ၂၀၂၃ အောက်တိုဘာ ၂၇ရက်ကစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးတွေနဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့၊ သီပေါ၊နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မန်တုံ၊နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊နမ့်ခမ်း၊မိုင်းငေါ့မြို့နဲ့ မန္တလေးတိုင်းကမိုးကုတ်မြို့ကိုသိမ်းယူခဲ့တာပါ။

၂၀၂၅ နှစ်လယ်ပိုင်းမှာ စစ်ကောင်စီကပြန်ပြီးစစ်ကြောင်းထိုးလို့ ပြီးခဲ့တဲ့ဇူလိုင်မှာ နောင်ချိုမြို့ကို လက်လွတ်ဆုံးရှုံးခဲ့ပါတယ်။ ကျောက်မဲမြို့ကို အောက်တိုဘာ ၁ရက်ကသိမ်းယူပြီးတဲ့နောက် သီပေါမြို့ကို အောက်တိုဘာ ၁၅ရက်နေ့မှာ ထပ်မံသိမ်းယူခဲ့ပါတယ်။

TNLAထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုလည်း လေကြောင်းကနေ နေ့စဉ်ဗုံးကြဲနေပြီး အောက်တိုဘာ ၁ရက်ကနေ ဒီနေ့အောက်တိုဘာ ၂၄ရက်အထိ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား၄၀ဦးကျော်သေဆုံးပြီး ၄၀ကျော် ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီပြန်လည်ထိန်းချုပ်ခဲ့တဲ့ နောင်ချို၊ သီပေါနဲ့ ကျောက်မဲမြို့နယ်တွေကစစ်ဘေးရှောင်တွေ နေရပ်ပြန်လာသူရှိသလို အခြေအနေတွေကိုစောင့်ကြည့်နေသူတွေလည်းရှိနေပါတယ်။

အဲဒီမြို့နယ်တွေမှာ ရွေးကောက်ပွဲလုပ်ဖို့စစ်ကောင်စီကကြိုးစားနေပါတယ်။ လက်ရှိစစ်ကြောင်းတွေဦးတည်နေတဲ့ နမ္မတူနဲ့မန်တုံမြို့နယ်က ဒေသခံတွေဟာ လားရှိုးမြို့ဘက်ကိုတိမ်းရှောင်နေသူတွေရှိသလို အများစုက စစ်ဘေးရှောင်ဖို့ အခက်အခဲတွေရှိနေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

အာဏာသိမ်းစစ်တပ်က သံတွဲမြို့နယ်၊ရွှေလှေ နဲ့ လင်းသီကျေးရွာတို့ကိုဒီက​​နေ့ ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားလူနေအိမ်ပေါ် တည့်တည့်ကျပြီး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။