■ ကေဒါသင်တန်းဟာအနာဂတ်မှာရှုပ်ထွေးတဲ့စစ်ပွဲတွေနဲ့ တိုက်ပွဲတွေကို ရင်ဆိုင်ပြီး ရဲရင့်စွာတိုက်ခိုက်အောင်ပွဲခံနိုင်တဲ့ အရိုးခံအင်အားစုတစ်ရပ်ဖန်တီးဖို့ ရည်ရွယ်တယ်လို့ဆို
အောက်တိုဘာ-၂၇၊၂၀၂၅။အိမ်သွင်/People’s Spring
စစ်ကောင်စီ နဲ့ လက်ရှိရရှိထားတဲ့ စစ်ရေးရပ်စဲရေး သဘောတူညီချက်ဟာ အဆင့်ဆိုင်ရာ ရလဒ်တစ်ခုသာဖြစ်ပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ရရှိဖို့အတွက် အမြဲသတိရှိနေဖို့ နဲ့ ဗျူဟာကျကျနားလည်နေဖို့ MNDAA စစ်ဦးစီးမှူးချုပ်က ကေဒါသင်တန်းဆင်း ကိုးကန့်တပ်ဖွဲ့ဝင်တွေကို တိုက်တွန်းပြောကြားပါတယ်။
MNDAAရဲ့၂၀၂၅ ခုနှစ် အပတ်စဉ်(၁) ကေဒါများအလှည့်ကျသင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၅ ရက်နေ့ကပြုလုပ်စဉ် ပြောကြားခဲ့တာဖြစ်ပြီး ၁၀၂၇စစ်ဆင်ရေး၂နှစ်ပြည့်တဲ့ဒီနေ့(အောက်တိုဘာလ၂၇ရက်နေ့) မှာ MNDAA က ထုတ်ပြန်လာတာဖြစ်ပါတယ်။

Public Service Announcement
MNDAA စစ်ဦးစီးမှူးချုပ်က လက်ရှိရရှိထားတဲ့ စစ်ရေးရပ်စဲရေး သဘောတူညီချက်ဟာ အဆင့်ဆိုင်ရာ ရလဒ်တစ်ခုသာဖြစ်ပြီး နောက်ဆုံးငြိမ်းချမ်းရေးမဟုတ်သေးတာကို အားလုံးသိရှိဖို့နဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိဖို့လမ်းစဉ်ဟာ ဝေးလံနေဆဲဖြစ်တာကို တပ်သားအားလုံးသတိရှိဖို့ တိုက်တွန်းခဲ့ကြောင်း MNDAA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
၁၀၂၇စစ်ဆင်ရေးကနေစတင်ခဲ့တဲ့ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းကို ပြန်လည်သုံးသပ်ပြီး လက်ရှိရရှိထားတဲ့ စစ်ရေးရလဒ်တွေဟာမရေမတွက်နိုင်တဲ့တပ်ဖွဲ့ဝင်တွေရဲ့ သွေးချွေး၊ အသက်တွေနဲ့ရရှိခဲ့တာလို့ ဆိုပါတယ်။ကွပ်ကဲရေးမှူးအားလုံးဟာ သမိုင်းကိုမှတ်မိနေဖို့၊ရလဒ်တွေကိုတန်ဖိုးထားဖို့တိုက်တွန်းခဲ့ပါတယ်။
ဒီတစ်ခါပြုလုပ်တဲ့သင်တန်းဟာ ၆၆ ရက်ကြာသင်တန်းဖြစ်ပြီးအထူးဒေသ လုံခြုံရေးအခြေအနေ ရှုပ်ထွေးပြီး ကျပ်တည်းတဲ့ အချိန်မှာ ကျင်းပခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ကေဒါသင်တန်းဆင်းပွဲဟာ အနာဂတ်အတွက် မဟာဗျူဟာကျကျ စီစဉ်ဆောင်ရွက်တဲ့ခြေလှမ်းတစ်ရပ်ဖြစ်ပြီး အနာဂတ်မှာရှုပ်ထွေးတဲ့စစ်ပွဲတွေနဲ့ တိုက်ပွဲတွေကို ရင်ဆိုင်ပြီး ရဲရင့်စွာတိုက်ခိုက်အောင်ပွဲခံနိုင်တဲ့ အရိုးခံအင်အားစုတစ်ရပ် ဖန်တီးဖို့ ရည်ရွယ်တယ်လို့MNDAA စစ်ဦးစီးမှူးချုပ်ကပြောကြားခဲ့ပါတယ်။
သင်တန်းဆင်းပွဲကို MNTJP ပါတီ၏ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်/ အထူးဒေသ အုပ်ချုပ်ရေးကော်မတီ၏ဥက္ကဋ္ဌ/ MNDAA၏ စစ်ဦးစီးမှူးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Mr. Peng De Ren၊MNDAA ဗဟိုနိုင်ငံရေးဗျူရို အဖွဲ့ဝင်/ မဟာမိတ်တပ်တော် နိုင်ငံရေးဌာန ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် Mr. Jin Xin နဲ့ ဗဟိုနိုင်ငံရေးဗျူရို အဖွဲ့ဝင်/ မဟာမိတ်တပ်တော် စစ်ဦးစီးမှူး ဗိုလ်မှူးချုပ် Mr. Lan Tian En တို့လည်းတက်ရောက်ခဲ့ကြပါတယ်။
MNDAAဟာ ၂၀၂၃ အောက်တိုဘာလ ၂၇ရက်မှာတွင် ညီနောင်မဟာမိတ်ဖြစ်တဲ့AAနဲ့ TNLA တို့နဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်စခန်းတွေ ၊တပ်ရင်းတွေ ၊တပ်ရင်းဌာနချုပ်တွေကိုထိုးစစ်ဆင်သိမ်းပိုက်တဲ့ ၁၀၂၇စစ်ဆင်ရေးကိုစတင်ခဲ့ပါတယ် ။ ၁၀၂၇ စစ်ဆင်ရေးနဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အပါအဝင် လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သန္ဓီ၊ တာမိုးညဲ၊ ပန်ဆိုင်း မြို့တွေကို MNDAA ကသိမ်းပိုက်ခဲ့ပါတယ်။
သိမ်းယူထားတဲ့ မြို့ တွေမှာ အုပ်ချုပ်ရေး ယန္တရား ဖော်ဆောင်နေစဉ်တရုတ်အစိုးရရရဲ့ ဖိအားကြောင့် လားရှိုးမြို့ကို ၂၀၂၅ ခုနှစ် ဧပြီလမှာ စစ်ကောင်စီထံ ကျည်တချက်မဖောက်ပဲပြန်လွှဲပေးခဲ့ပါတယ်။
လက်ရှိမှာလည်း သိန္နီမြို့ကို ပြန်ပေးဖို့ စစ်ကောင်စီက ဖိအားပေးနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
MNDAA စစ်ဦးစီးဌာနက ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ရက်က ကျင်းပခဲ့တဲ့ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း လုပ်ငန်းအခြေအနေအကျဉ်းချုပ်အစည်းအဝေးမှာလည်း တပ်ဖွဲ့ဝင်များအားလုံး လာမည့် ဒုတိယနှစ်ဝက်အတွင်း စစ်ရေးလေ့ကျင့်မှု အရှိန်မြှင့်မယ်လို့ဆုံးဖြတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီနေ့ဟာ၁၀၂၇စစ်ဆင်ရေး၂နှစ်ပြည့်ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ချိန်က မြန်မာပြည်သူလူထုရဲ့သဘောထားအတိုင်းစစ်အာဏာရှင်ကို အပြီးတိုင်တိုက်ခိုက်ချေမှုန်းမယ်လို့ MNDAA၊ AA နဲ့ TNLA က ထုတ်ပြန်ကြွေးကြော်ခဲ့ဖူးပါတယ်။ အခုအခါမှာ AA က ရခိုင်ပြည်နယ်က လက်ကျန်မြို့သိမ်းတိုက်ပွဲတွေ နဲ့ ရခိုင်ပြည်နယ်အစပ်က မကွေး ၊ဧရာဝတီ ၊ပဲခူးတိုင်းတို့က စစ်တပ်စခန်းတွေ ၊တပ်ရင်းတွေကိုကို ဒေသတွင်းတော်လှန်ရးတပ်တွေနဲ့ပူးပေါင်းပြီးဆက်လက်ထိုးစစ်ဆင်နေပါတယ် ။
TNLAကလည်း စစ်ကောင်စီရဲ့ထိုးစစ်ကို ခုခံတိုက်ခိုက်နေရပါတယ်။ MNDAA ကတော့လားရှိူးမြို့ နဲ့ ရမခ ကို ၂၀၂၄ သြဂုတ်လမှာ အပြီးသတ်သိမ်းပိုက်ပြီးကတည်းက စစ်တပ်နဲ့ တိုက်ပွဲမဖြစ်တော့ပါဘူး။ အညာဒေသက PDF တွေအပါအဝင် တော်လှန်ရေး မဟာမိတ်တွေနဲ့အတူ သိမ်းပိုက်ထိန်းချုပ်ခဲ့တဲ့ ရမခ နဲ့ လားရှိူးမြို့ကိုလည်း စစ်အုပ်စုထံ ပြန်ပေးပြီး စစ်ကောင်စီနဲ့အပစ်ရပ်ထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ အညာဒေသက PDF တွေလည်း ပါဝင်တိုက်ခိုက်ခဲ့ပြီး အထိအခိုက်၊အကျအဆုံးများခဲ့ပါတယ်။ တရုတ်ဖိအားတွေကို MNDAA တစ်ဖွဲ့တည်း ရင်ဆိုင်နေရတာမဟုတ်ကြောင်းနဲ့ ၁၀၂၇ စစ်ဆင် ရေးကတိကဝတ်ကို MNDAAအနေနဲ့ အချိန်မဆွဲဘဲ စစ်ကောင်စီကို တိုက်ခိုက်ဖို့လိုတယ်လို့ ပြည်သူတွေက မှတ်ချက်ပေးကြပါတယ်။




















































