Connect with us

Hi, what are you looking for?

သတင်း

ရွေးကောက်ပွဲ မတိုင်ခင် ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေး ဦးစားပေးဖို့လိုကြောင်း အာဆီယံ ထပ်ပြော

မြန်မာနိုင်ငံမှာရွေးကောက်ပွဲတစ်ခုခု မကျင်းပခင်မှာ မြန်မာ့အကျပ်အတည်းဖြေရှင်းရေးအတွက်အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကချမှတ်ပေးထားတဲ့ဘုံသဘောတူညီချက်၅ ရပ် (5PC)ကို အကောင်အထည်ဖော်ဖို့ လိုကြောင်း အာဆီယံက အတိအလင်း အသိပေးလိုက်ပါတယ်။

၂၀၂၃ အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအ​ဝေးမှာ စစ်အုပ်စုကိုတက်ခွင့်မ​ပေးပဲ မြန်မာအတွက်ထိုင်ခုံအလွတ်ထားခဲ့တာကိုတွေ့ရစဥ်။ ဓါတ်ပုံ-AFP

​အောက်တိုဘာ-၂၇၊၂၀၂၅။People’s Spring

မြန်မာနိုင်ငံမှာရွေးကောက်ပွဲတစ်ခုခု မကျင်းပခင်မှာ မြန်မာ့အကျပ်အတည်းဖြေရှင်းရေးအတွက်အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကချမှတ်ပေးထားတဲ့ဘုံသဘောတူညီချက်၅ ရပ် (5PC)ကို အကောင်အထည်ဖော်ဖို့ လိုကြောင်း အာဆီယံက အတိအလင်း အသိပေးလိုက်ပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင် 5PCကို မဖြစ်မနေ ဦးဆုံး အကောင်အထည် ဖော်သင့်ကြောင်း အာဆီယံရဲ့ သဘောထားကို အောက်တိုဘာ ၂၆ ရက်နေ့၊ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့တော်မှာ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေက ထပ်လောင်း အတည်ပြု သဘောထား ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ခုနှစ်မှာစစ်တပ်ကအာဏာသိမ်းခဲ့တဲ့နောက်ပိုင်း ကြုံတွေ့လာတဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် အာဆီယံက 5PCကို ညှိနှိုင်း ဆုံးဖြတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အချက်တွေထဲမှာ စစ်တပ်က မတရား ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ဖို့နဲ့ အစုအဖွဲ့ပေါင်းစုံ ပါဝင်တဲ့ ဆွေးနွေးမှုတွေ စတင်ဖို့ ဆိုတာတွေပါဝင်ပေမယ့်အာဏာသိမ်းစစ်တပ်ကတော့လုံးဝအလေးထားလိုက်နာမှုမရှိခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

အာဆီယံ ထိပ်သီးညီလာခံနဲ့အတူ ကျင်းပတဲ့ အဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ အစည်းအဝေးမှာတော့ 5PCအပေါ် လက်တွေ့ အကောင်အထည် ဖော်နေမှုတွေကိုဆန်းစစ်ထားတဲ့ ကြေညာချက် တစ်စောင်ကိုပါ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်မှာတော့ 5PCကို အပြည့်အဝ ဖော်ဆောင်ဖို့၊ အဓွန့်ရှည်ပြီး ခိုင်မာတည်တံ့မယ့် ငြိမ်းချမ်းရေးမျိုး ပေါ်ထွန်းလာအောင် မြန်မာ့စံနှုန်းတွေနဲ့ မြန်မာကိုယ်တိုင် ဦးဆောင် ဆွေးနွေးနိုင်ဖို့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေက တိုက်တွန်းထားခဲ့ပါတယ်။

နောက်ပြီး အရပ်သားတွေ၊အရပ်ဖက် အဆောက်အအုံတွေကို တိုက်ခိုက်မှုတွေကိုရှောင်ကြဉ်ဖို့၊ ပဋိပက္ခ ဖြစ်နိုင်တဲ့ အခြေအနေတွေကို လျှော့ချဖို့လည်း လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးကို တောင်းဆိုကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုနှစ် ဒီဇင်ဘာလမှာ အာဏာသိမ်း စစ်တပ်က ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေတာနဲ့ ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ကြေညာချက်မှာတော့ ရွေးကောက်ပွဲ ဆိုတာဟာ လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှု၊ ပွင့်လင်းမြင်သာရှိမှု၊ အစုအဖွဲ့ပေါင်းစုံ ပါဝင်မှုတွေနဲ့ ယုံကြည်စိတ်ချရမှု ဂုဏ်ပုဒ်တွေ ရှိနေဖို့ လိုတယ်လို့ ရည်ညွှန်းထားပါတယ်။ လက်ရှိ အခြေအနေမှာတော့ ရွေးကောက်ပွဲ ကျင်းပဖို့ထက် ရန်လိုအကြမ်းဖက်မှုတွေ ရပ်ဆိုင်းရေး၊ အစုအဖွဲ့ပေါင်းစုံ နိုင်ငံရေးအရ ဆွေးနွေးနိုင်ရေးတွေဟာပိုပြီးဦးစားပေးသင့်တယ်လို့ယူဆကြောင်း အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာယုံကြည်မှုတည်ဆောက်ရေးနဲ့ ဆွေးနွေးမှု အခြေအနေကောင်းတွေ ပေါ်ထွန်းလာနိုင်ရေးအတွက် မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေ၊ ပြင်ပ မိတ်ဖက်တွေ၊ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အစုအဖွဲ့တွေ အားလုံးနဲ့ ချိတ်ဆက်ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ့် အာဆီယံရဲ့ မူဝါဒကိုလည်း အဲဒီ သဘောထား ကြေညာချက်ထဲမှာ ထည့်သွင်း အတည်ပြုသွားခဲ့ပါတယ်။

ကိုးကား-Bernama

ဆက်စပ်သတင်းများ