အောက်တိုဘာ – ၂၇ ၊၂၀၂၅ /People’s Spring
စစ်တပ်ရဲ့ စီးနင်းမှုအပြီး ကေကေပက်ခ်(KK Park)မှာ ပေါက်ကွဲသံ အနည်းဆုံး လေးကြိမ် ကြားခဲ့ရပြီး ဖြစ်တယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။
ထိုင်းနဲ့ နယ်စပ်နားမှာရှိတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေရဲ့ အဓိက ခြေကုပ်နယ်မြေ KK Parkကို အောက်တိုဘာ ၁၉ ရက်နေ့မှာ စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပါတယ်။
အဲဒီနောက် ကေကေပက်ခ်ထဲက အဆောက်အအုံ တချို့ကို ဖောက်ခွဲဖျက်ဆီးတာတွေ လုပ်နေတယ်လို့ မြဝတီ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
နိုင်ငံတကာက ကျားဖြန့် နှိမ်နင်းရေးကို ပိုမို အားထည့်လုပ်ဆောင်ဖို့ ဖိအားပေးနေချိန်မှာ စစ်တပ်က KK Parkကို စီးနင်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း ကျားဖြန့်ဝန်ထမ်း အများအပြားဟာ ကေကေပက်ခ်ကို စွန့်ခွာလာပြီး နိုင်ငံခြားသား ၁,၅၀၀ ကျော်လောက်ထိ ထိုင်းနိုင်ငံဖက်ခြမ်းကို ရောက်နေပါတယ်။
“စစ်တပ်က စီးနင်းဖောက်ခွဲနေတာ”လို့ မြဝတီမြို့ခံတဦးက ပြောပါတယ်။
အောက်တိုဘာ ၂၆ ရက် ညနေပိုင်းတုန်းကလည်း ကေကေပက်ခ်ဖက်ကနေ ဖောက်ခွဲသံတွေ ဆက်ပြီး ကြားနေရတာကြောင့် ထိုင်းနယ်ခြားစောင့် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက နောက်ထပ် ထွက်ပြေးလာတဲ့ ကျားဖြန့်ဝန်ထမ်းတွေ တိုးပွားလာမှာကို စိုးရိမ်နေပါတယ်။
ထိုင်းအာဏာပိုင်တွေရဲ့ အဆိုအရ ထိုင်းဖက်ကို ရောက်ရှိလာတဲ့ ကျားဖြန့် ဝန်ထမ်းတွေထဲမှာ ကေကေပက်ခ်မှာ အလုပ်လုပ်နေသူတွေသာ မကဘဲ အနီးတဝိုက် ရွှေကုက္ကိုလို နေရာမျိုးတွေက ထွက်ပြေးလာသူတွေပါ ပါဝင်နေတယ်လို့ သိရပါတယ်။
သူတို့ထဲမှာ အများဆုံးက အိန္ဒိယ နိုင်ငံသားတွေဖြစ်ပြီး ၅၀၀ နီးပါးရှိသလို တရုတ်အရေအတွက်ကလည်း ၂၀၀ ဝန်းကျင် ပါဝင်ပါတယ်။
KK Parkမှာပေါက်ကွဲသံတွေကိုလေးကြိမ်မြောက်ကြားရတာက မနေ့ ( အောက်တိုဘာလ ၂၆ ရက်) ညနေ ၅ နာရီခွဲ ဝန်းကျင်မှာဖြစ်ပြီး မြန်မာစစ်တပ်နဲ့ ကရင် နယ်ခြားစောင့်တပ် (BGF)ပူးပေါင်းပြီး အဆောက်အအုံတွေကို မိုင်းခွဲနေတာလို့ ထိုင်းက ဆိုပါတယ်။
ပေါက်ကွဲမှုကနေ လွင့်စင်လာတဲ့ ကျောက်စရစ် အစအန တချို့ဟာ ထိုင်းဖက်ခြမ်းမှာရှိတဲ့ ဘန်မေကူမိုင်သာဆွန် ဧရိယာထဲက အိမ်တစ်လုံးရဲ့ အိမ်သာနဲ့ ဓာတ်တိုင်တွေကို ထိမှန်ခဲ့တယ်လို့လည်း သိရပါတယ်။
မြန်မာနဲ့ နယ်စပ် လုံခြုံရေးကို တာဝန်ယူရတဲ့ ထိုင်း အမှတ် ၃ စစ်ဒေသ တိုင်းမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ဝိုရာသပ် ဘွန်ညာကတော့ လာမယ့် ရက်ပိုင်းအတွင်း မြန်မာဖက်ကနေ ထွက်ပြေးခိုလှုံလာမယ့် နိုင်ငံခြားသား အရေအတွက် ထပ်တိုးလာနိုင်တယ်လို့ ခန့်မှန်းကြောင်း ပြောပါတယ်။
အဲဒီကိစ္စကို ကိုင်တွယ်ဖို့အတွက် အာဏာပိုင်တွေဟာ ထိုင်းအမျိုးသား လုံခြုံရေး ကောင်စီနဲ့ လုပ်ထုံးလုပ်နည်း၊ ဥပဒေရေးရာ၊ အသုံးစရိတ် လိုအပ်ချက်တွေ ဆွေးနွေးသွားမယ်လို့လည်း သိရပါတယ်။
ကိုးကား: The Nation ၊ ဓာတ်ပုံ- Bangkok Post


















































