အောက်တိုဘာ-၂၇၊၂၀၂၅။မိထက်/People’s Spring
စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ မောင်းနှင်လာတဲ့ကားက တိုက်မိလို့ လူသုံးဦး သေဆုံးသွားတယ်လို့ လားရှိုးမြို့ခံတွေက ပြောပါတယ်။
“မြို့ထဲလမ်းမှာဗျာ။ ထ(၂)ရှေ့မှာ ဖြစ်တာ။ ကားက အရှိန်တော်ပြင်းတယ်။ မောင်းလာတဲ့ကောင်က ဆေးကြောင်နေတယ်။ သေဆုံးတာကလမ်းဘေးက ဆိုင်ကယ်စီးလာတဲ့လူတွေ။ မိန်းကလေးတွေလည်းပါတယ်။ ကားသမားကိုလည်းဆေးရုံခေါ်သွားတာ တွေ့တယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဒီဖြစ်စဉ်ဟာ အောက်တိုဘာ ၂၆ရက်မှာ ဖြစ်ပွားခဲ့တာပါ။ သေဆုံးသူတွေနဲ့ပတ်သက်လို့ အသေးစိတ် မသိရသေးပါဘူး။

Public Service Announcement
စစ်ကောင်စီထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်မှာ ခိုးမှုနဲ့လုယက်မှုတွေပေါများနေသလို မူးယစ်ဆေးဝါးသုံးစွဲသူတွေလည်းပိုများလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“တမင်းသက်သက် လွှတ်ပေးထားတယ်လို့ ယူဆတယ်ဗျ။ လားရှိုးက အရင်ကထက် ပိုဆိုးနေပြီ။ ဘုရားဥပဒေစိုးမိုးမှုလုံးဝမရှိတော့ဘူး”လို့ မြို့ခံတဦးက ပြောပါတယ်။
ရှမ်းပြည်နယ်က စစ်ကောင်စီထိန်းချုပ်မြို့တွေမှာ မူးယစ်ဆေးဝါးနဲ့ဆက်စပ်ပြီးဖြစ်ပွားတဲ့ မှုခင်းတွေပိုများလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၅ရက်ကလည်းရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ တရုတ်နိုင်ငံသားတချို့လိုက်ပါလာတဲ့ အိမ်စီးကားက ဆိုင်ကယ်ကို တိုက်မိပြီးတဲ့နောက် မောင်းနှင်ထွက်ပြေးရင်း နောက်ထပ်ကားနဲ့ဆိုင်ကယ်တွေ၊လမ်းသွားလမ်းလာတွေကို တိုက်မိလို့ ငါးဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်။


















































