အောက်တိုဘာ-၂၉၊ ၂၀၂၅။ ထားမြတ်/People’s Spring
တနင်္သာရီမြို့နယ် လေးမိုင်ရွာအနီးတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ အရာရှိအပါအဝင် ထိခိုက်သေဆုံးရှိနိုင်သလို တော်လှန်ရေး ပူးပေါင်းတပ်ဘက်က ရဲဘော် ၁ဦးကျဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင် အမှတ်(၂) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၈ရက် မနေ့ နေ့လယ်ပိုင်းက လေးမိုင်ရွာအနီး စစ်ကောင်စီ ခြေကုပ်ယူထားတဲ့ နေရာကို မြိတ်ခရိုင်တပ်ရင်း ၂ တပ်ခွဲ (၁) ၊ တပ်ရင်း ၃ ခွဲ (၂) ၊ KNDO ရင်း ၇ ခွဲ (၃ ) တနင်္သာရီမြို့နယ်ပကဖ၊ မြိတ် ပကဖ စတဲ့ တော်လှန်ရေး ပူးပေါင်းတပ်က ဝင်ရောက် ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်ပွဲမှာ ရန်သူဘက်က အရာရှိတစ်ဦးအပါအဝင် အထိခိုက်ကျဆုံးရှိနိုင်ကြောင်းသိရတယ်လို့ ဖော်ပြထားသလို တော်လှန်ရေးပူးပေါင်းတပ်ဘက်က ရဲဘော်(၁)ဦးကျဆုံးပြီး (၁)ဦး ဒဏ်ရာ ရခဲ့ကြောင်း အသိပေးပါတယ်။

Public Service Announcement
လက်ရှိမှာ လေးမိုင်ရွာအနီး စစ်ကောင်စီ ပူးပေါင်းတပ်တွေ ဆက်ရှိနေပြီး တော်လှန်ရေး ပူးပေါင်းတပ်ဘက်က ပြန်လည်ဆုတ်ခွာထားတယ်လို့ မြိတ်ခရိုင် အမှတ်(၂) တပ်ရင်း သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။
တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေများအရ ဒေသခံပြည်သူတွေနဲ့ ခရီးသွား ပြည်သူတွေ သတိရှိစွာ သွားလာကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
တနင်္သာရီတိုင်း စစ်ဌာန ကွပ်ကဲမှုအောက်ရှိတဲ့ နည်းဗျူဟာ(၃၅)ကလည်း အောက်တိုဘာ ၂၇ရက်က ကြေညာချက် ထုတ်ပြန်ပြီး တနင်္သာရီမြို့နယ်အတွင်း စစ်ရေး ပြင်းထန်နေတာကြောင့် အောက်တိုဘာ ၂၈ရက်ကစလို့ မြိတ်-တနင်္သာရီ-ဘုတ်ပြင်းလမ်းမကြီးတလျှောက် ခရီးသွားလာမှု မပြုဖို့ တားမြစ်ထားပါတယ်။ “အဲဒီ လမ်းပိုင်းမှာ တိုက်ပွဲတွေ ဖြစ်နေလို့ဗျ။ လေယာဉ်တွေနဲ့လည်း ကြဲနေတဲ့အတွက်ကြောင့်ပါ”လို့ မြိတ်ခရိုင် အမှတ်(၂)တပ်ရင်းက ပြည်သူတွေ ခရီးသွားလာမှု တားမြစ်ထားရတဲ့ အခြေအနေကို ပြောပြပါတယ်။


















































