အောက်တိုဘာ ၂၉၊ ၂၀၂၅။ People’s Spring
အာဏာသိမ်းစစ်ကောင်စီနဲ့တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တို့ အပစ်ရပ်စဲပြီး မန္တလေးတိုင်း မိုးကုတ်နဲ့ ရှမ်းမြောက် မိုးမိတ်မြို့တွေကနေ TNLA တပ်တွေ ဆုတ်ခွာဖို့ သဘောတူညီခဲ့ပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်ရဲ့ အမိန့်ပေးကွပ်ကဲမှုအောက်မှာ ရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY PDFက ထိန်းချုပ်နယ်မြေတွေ ကာကွယ်ဖို့ မိတ်ဖက်တော်လှန်ရေးအင်အားစုတွေနဲ့လက်တွဲပြီးအစွမ်းကုန် လုပ်ဆောင်မယ်လို့ ကြေညာပါတယ်။
တရုတ်ရဲ့ ကြားဝင်မှုကြောင့် စစ်ကောင်စီနဲ့ ဆွေးနွေး အပစ်ရပ်စဲခဲ့ရတဲ့ အခြေအနေကို TNLAက ထုတ်ပြန်ခဲ့ပြီး နာရီပိုင်းအကြာမှာ MDY PDFက အခုလို ကြေညာခဲ့တာပါ။
MDY PDF စတင်စုဖွဲ့စဉ်၂၀၂၁ ခုနှစ်ကစလို့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးတို့အတွက် တစိုက်မတ်မတ် တိုက်ပွဲဝင်လျှက်ရှိပြီး လက်ရှိကာလများတွင် တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းတွေရဲ့ ပံ့ပိုးကူညီမှု ၊ မိတ်ဖက် နွေဦးတော်လှန်ရေးအင်အားစုတွေရဲ့ ပူးပေါင်းလက်တွဲမှု ၊ တပ်ဖွဲ့ဝင်ပေါင်းများစွာရဲ့ စွန့်လွှတ်ပေးဆပ်မှုတွေနဲ့အတူ မန္တလေးဒေသအတွင်းရှိ နယ်မြေအချို့ကို ထိန်းချုပ်စိုးမိုးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြကာ ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေကို ဆက်လက်ကာကွယ် ထိန်းသိမ်းနိုင်ရေးမိတ်ဖက်တော်လှန်ရေးအင်အားစုတွေနဲ့လက်တွဲကာကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်းရှိသမျှ အားသွန်ခွန်စိုက် ကြိုးပမ်းမယ်လို့ ဖော်ပြပါတယ်။

Public Service Announcement
ဒါ့အပြင် ဘယ်လိုကြီးမားတဲ့ အခက်အခဲ ရှိနေစေကာမူ ဘုံရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ် ချေမှုန်းရေးတိုက်ပွဲတွေကို ဆထက်ထမ်းပိုး ဦးလည်မသုန် ဆက်လက်ဖော်ဆောင်သွားမယ်လို့ ပြည်သူတွေကို MDY PDFက အသိပေး ခဲ့ပါတယ်။
စစ်ကောင်စီနဲ့ အပစ်ရပ်စဲတာဟာ ယာယီအပစ်ရပ်စဲတာ ဖြစ်သလို TNLA အနေနဲ့ မဟာမိတ်တွေကို တနည်းနည်းနဲ့ အကူအညီတွေ ပေးနိုင်တယ်လို့ တအာင်းသတင်းရင်းမြစ်အချို့ သုံးသပ်ပြောကြားပါတယ်။
TNLA ဘက် မလွှဲမရှောင်သာ စစ်ကောင်စီနဲ့ အပစ်ရပ်စဲခဲ့ရတာလို့ တအာင်းသတင်းရင်းမြစ်နဲ့ ရှမ်းမြောက် အရေးလေ့လာသူ အချို့က ပြောပါတယ်။
“ပထမအချက်ကတော့ တရုတ်အစိုးရရဲ့ ကြီးမားလာတဲ့ ဖိအားပေ့ါ။ ဒုတိယ အချက်က တော့ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်လာပြီး သာလွန်အင်အားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာ အလူးအလိမ့်ခံရတာပေါ့နော်။ တတိယ အချက်က TNLA ထိန်းချုပ်ဒေသမှာရှိတဲ့ အရပ်သား ပြည်သူလူထုတွေ ထိခိုက်သေဆုံးမှု နည်းအောင် ပြီးတော့ ဘေးကင်းမှု ရှိအောင်ဆိုပြီး ဒီသုံးချက်ကို TNLA ဘက်က လေးလေးနက်နက် စဉ်းစားပြီး မလွှဲမရှောင်သာ အပစ်အခတ်ရပ်စဲထားတယ်လို့ ရှုမြင်ပါတယ်” လို့ ရှမ်းမြောက်အရေးလေ့လာသူတဦးက ပြောပါတယ်။
မန္တလေး PDF ဟာ ၁၀၂၇ စစ်ဆင်ရေး နဲ့ ရှမ်းမန်းစစ်ဆင်ရေးမှာ မဟာမိတ်တပ်တွေနဲ့ အတူ စဥ့်ကူးတမြို့နယ်လုံး ၊မတ္တရာမြို့နယ် အရှေ့ခြမ်း ၊ နောင်ချိုမြို့ ၊မိုးကုတ်မြို့ ၊မိုးမိတ်မြို့၊ သပိတ်ကျင်းမြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ် ။နောင်ချိုနဲ့ သပိတ်ကျင်းမြို့တွေကို စစ်တပ်က ပြန်ထိန်းချုပ်နိုင်ခဲ့ပြီး မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့ကနေ TNLA တပ်တွေ ဆုတ်ခွာတယ်လို့ ထုတ်ပြန်တဲ့နေ့မှာပဲ မန္တလေးPDF က ထိန်းချုပ်ဒေသတွေကို တော်လှန်ရေးမဟာမိတ်တွေနဲ့အတူ အစွမ်းကုန် ခုခံကာကွယ်သွားမယ်လို့ ကြေညာတာဖြစ်ပါတယ်။
TNLA အနေနဲ့ အခုလို မြို့ရွာတွေကို ပြန်လည်လက်လွှတ်ပေးရတဲ့ အခြေအနေမျိုး ဖြစ်ပေါ်လာတာဟာ မဟာမိတ်အချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်မှုတွေမလုပ်နိုင်ခဲ့တာကြောင့်ဖြစ်တယ်လို့လည်း သူက သုံးသပ်ပါတယ်။
TNLA ဘက်က မိုးကုတ်၊ မိုးမိတ်ဘက်က ဆုတ်ခွာသွားပါကဒေသတွင်းမှာကျန်နေတဲ့ PDF တပ်ဖွဲ့တွေ အနေနဲ့ စစ်ကောင်စီကို ခုခံကာကွယ်ဖို့ စခန်ခေါ်မှု ပိုမိုကြီးမားလာမယ်လို့ မြင်ကြောင်း လေ့လာသူက ပြောပါတယ်။
“အာဏာရှင်စနစ်ကို လက်နက်ကိုင်ပြီး တော်လှန်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ EAO မဟာမိတ် တပ်ဖွဲ့တွေ ပြီးတော့ နိုင်ငံအင်အားစုတွေအားလုံး စစ်ရေး၊ နိုင်ငံရေးအမြန်ဆုံး ပူးပေါင်းဆောင်ရွက်နိုင်မယ့် ပလက်ဖောင်းတခုကို အမြန်ဆုံးဆောင်ရွက်နိုင်ဖို့လိုပါတယ်”လို့ ရှမ်းမြောက်အရေးလေ့လာသူက ရှေ့ဆက် တော်လှန်ရေးပိုမိုအားကောင်းလာဖို့ လုပ်ဆောင်သင့်တာကို အကြံပြုပါတယ်။
၂၀၂၁ ခု စစ်အာဏာသိမ်းပြီး (၅) နှစ်နီးပါးအတွင်း လက်ရှိ ရင်ဆိုင်ဖြတ်သန်းနေရတာဟာ တော်လှန်ရေးခရီးရဲ့ အခက်ခဲဆုံး ကာလ၊ အကြပ်တည်းဆုံးအခိုက်အတန့်ဖြစ်တယ်လို့စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု သပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာတေဇာဆန်းက ဒီကနေ့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
“ဒီအချိန်ကာလကို ကျနော်တိုတွေ အတူတကွ အကောင်းဆုံး ရင်ဆိုင်ဖြတ်သန်းကြပါမယ်။ကျနော်တိုတွေ အရင်ထက်ပိုပြီး စည်းလုံးကြရပါမယ်၊ အရင်ထက်ပိုပြီး သန်မာကြရပါမယ်၊ အရင်ထက်ပိုပြီး အလုပ် လုပ်ကြရပါမယ်။ဒီခရီးက တာတိုခရီး မဟုတ်ပါဘူး။ ပြည်သူတဦးချင်းတယောက်ချင်းစီရဲ့ သက်လုံနဲ့ ခံနိုင်ရည်က တော်လှန်ရေးအတွက် အထူးအရေးကြီးလှပါတယ်” လို့သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ရေးသားထားပါတယ်။




















































