Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲတွေအတွင်းမှာ အသက်ခန္ဓာပေးဆပ်လိုက်ရတဲ့ ရဲဘော်တွေရဲပေးဆပ်မှု အလဟသမဖြစ်ဖို့လိုတယ်လို့ KNAဥက္ကဌ ပြော

တော်လှန်ရေးတိုက်ပွဲတွေအတွင်းမှာ အသက်ခန္ဓာပေးဆပ်လိုက်ရတဲ့ ရဲဘော်တွေရဲ့ပေးဆပ်မှု အလဟသမဖြစ်ဖို့လိုတယ်လို့ ကယန်းအမျိုးသားတပ်မတော်(KNA)ဥက္ကဌ ခွန်းဗဟန်းထန်က တပ်တည်ထောင်တဲ့ (၁)နှစ်ပြည့် မိန့်ခွန်းအနေနဲ့ ဒီကနေ့(အောက်တိုဘာ ၂၉ ရက်)ပြောကြားပါတယ်။

အောက်တိုဘာ-၂၉၊ ၂၀၂၅။ရဲခေါင် /People’s Spring

တော်လှန်ရေးတိုက်ပွဲတွေအတွင်းမှာ အသက်ခန္ဓာပေးဆပ်လိုက်ရတဲ့ ရဲဘော်တွေရဲ့ပေးဆပ်မှု အလဟသမဖြစ်ဖို့လိုတယ်လို့ ကယန်းအမျိုးသားတပ်မတော်(KNA)ဥက္ကဌ ခွန်းဗဟန်းထန်က တပ်တည်ထောင်တဲ့ (၁)နှစ်ပြည့် မိန့်ခွန်းအနေနဲ့ ဒီကနေ့(အောက်တိုဘာ ၂၉ ရက်)ပြောကြားပါတယ်။

တော်လှန်ရေးက လူထုထောက်ခံမှုရှိမှ အောင်မြင်မှုရနိုင်မှာဖြစ်ပြီး လူထုထောက်ခံမှုမရှိရင် နောက်ဆုံးမှာ ကျဆုံးသွားနိုင်တာဖြစ်တဲ့အတွက် လူထုဆန့်ကျင်ရေးမလုပ်ကြဖို့နဲ့ လုပ်တဲ့အဆင့်မှန်သမျှကို ပြတ်သားစွာအရေးယူမယ်လို့ ၎င်းက ဆိုပါတယ်။

လက်ရှိစစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့ လူမျိုးစုံပြည်သူတွေနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ အင် အားစုတွေစည်းလုံးညီညွတ်စွာနဲ့ နိုင်ငံရေး၊စစ်ရေးအရပူးပေါင်းဆောင်ရွက်မှ အောင်မြင်မယ်လို့ ခွန်းဗဟန်းထန်က တိုက်တွန်းပါတယ်။

Public Service Announcement

Public Service Announcement

“ဒီကနေ့ နွေဦးတော်လှန်ရေးရဲ့ အဓိကသော့ချက်က ပြည်ထောင်စုတစ်ခုလုံးလွတ်မြောက်မှ စစ်မှန်တဲ့လွတ်မြောက်ရေးဖြစ်တယ်။တော်လှန်ရေးကာလအတွင်းမှာ တည်ရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေက တစ်ဖွဲ့နဲ့တစ်ဖွဲ့ နိုင်ငံရေးစစ်ရေးကို လက်တွေ့ကျတဲ့လုပ်ငန်းစဥ် တွေအကောင်အထည်ဖော်နိုင်ဖို့အရေးကြီးပါတယ်”လို့ ၎င်းက ပြောပါတယ်။

ပေးဆပ်ခဲ့တဲ့ရဲဘော်တွေက အနာဂတ်ကယန်းအမျိုးသားတို့ရဲ့ အမျိုးသားတန်းတူရေးနဲ့ဖိနှိပ်ခံ ပြည်သူတွေအတွက်ပေးဆပ်မှုဖြစ်တယ်လို့ အသိပေးပါတယ်။အဲဒါအပြင် ပေးဆပ်မှုတွေအတွက် ကယန်းအမျိုးသားတွေရဲ့ မွေးရာပါရပိုင်ခွင့်ကို နိုင်ငံရေးအရအာမခံချက်ရှိမှ ပေးဆပ်မှုတွေက အကျိုးရှိမှဖြစ်တယ်လို့အသိပေးပါတယ်။

“စစ်အာဏာရှင်စနစ်အောက်မှာ ကယန်းအမျိုးသားတွေရဲ့ ရပိုင်ခွင့်ဆိုတာ ဘယ်လို မှ ရမှာမဟုတ်ဘူး။ရှိခဲ့မယ်ဆိုလည်းအတုအယောင်ပဲ ဖြစ်ပါတယ်”လို့ KNA ဥက္ကဌက ပြောပါတယ်။

လက်ရှိတော်လှန်​​ရေးက စစ်အာဏာရှင်နဲ့ စစ်အာဏာရှင်စနစ်အောက်က ဖိနှိပ်ခံပြည်သူတွေ တိုက်ပွဲ ဖြစ်တယ်လို့ KNA လက်ခံယုံကြည်တယ်လို့လည်း မိန့်ခွန်းမှာ ပါဝင်ပါတယ်။

“အဲဒါကြောင့် စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ဘယ်အဖွဲ့နဲ့မဆို လက်တွဲ ပူးပေါင်းသွားမယ်။သတိထားရမှာက ခေတ်အဆက်ဆက် တိုင်းရင်းသား လူမျိုးတစ်ခုနဲ့တစ်ခုကို မညီညွတ်အောင် အချင်းချင်းသွေးကွဲအောင်လုပ်တဲ့ဗျူဟာကို သတိကြီးကြီးထားဖို့လိုပါတယ်”လို့ ခွန်ဗဟန်းထန်က ပြောပါတယ်။

“မကြာသေးခင်က စစ်ခေါင်းဆောင်ပြောသွားတဲ့စကားအရ တိုင်းရင်းသားတွေ ကိုယ့်အရေးကို တောင်းဆိုတဲ့နေရာမှာဖြစ်နိုင်တာကိုပဲ တောင်းဆိုပြီး မဖြစ်နိုင်တာကို မတောင်းဆိုကြပါနဲ့လို့ပြောလိုက်တာက စစ်တပ်ကနေအမြဲတမ်း နိုင်ငံရေးအထက်မှာရှိနေပြီး စစ်တပ်က ပေးမှရတယ်ဆိုတဲ့ တိုင်းရင်းသားများရဲ မူလရပိုင်ခွင့်အခွင့်အရေးများကို မောင်ပိုင်စီးပြီး ပြောဆိုတာ”လို့ ၎င်းက ဆက်ပြောပါတယ်။

ဒါကြောင့်စစ်အာဏာရှင်လက်အောက်မှာ အမျိုးသားတန်းတူရေး ဘယ်လိုမှရနိုင်မှမဟုတ်ဘဲ ဘုံရန်သူဟာ စစ်အာဏာရှင်ဆိုတာ ရှင်းရှင်းလင်းလင်း သိထားရမယ်လို့ သတိပေးပါတယ်။

ကယန်းအမျိုးသားတပ်မတော်(KNA)ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၉ ရက်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး မိုးဗြဲ၊ဖယ်ခုံနဲ့ ဒီးမော့ဆိုမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတာဖြစ်ပါတယ်။

(၁)နှစ်အတွင်း KNA ရဲဘော် ခုနစ်ဦး ကျဆုံးပြီး ရဲဘော် ၃၀ကျော် ထိခိုက်ဒဏ်ရာရထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ