အောက်တိုဘာ-၃၁၊ ၂၀၂၅။ ထားမြတ်/People’s Spring
တစ်နိုင်ငံလုံးအတိုင်းအတာ စစ်ရေးအရှိန်အဟုန်တိုးမြင့် ဆောင်ရွက်နေချိန်ဖြစ်လို့ စစ်ရေးအထူး သတိပြု သွားလာနေထိုင်ကြဖို့ တနင်္သာရီတိုင်းမှာ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ဒူရက စစ်ကြောင်းက တိုက်တွန်းလိုက်ပါတယ်။
ဒူရက စစ်ကြောင်းနဲ့ မဟာမိတ်တွေ ပူးပေါင်းပြီး လောင်းလုံမြို့နယ် မောင်းမကန်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်တဲ့ သတင်းထုတ်ပြန်ရာမှာ အခုလို တိုက်တွန်းထားတာပါ။
တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်က အချိန်မရွေး လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေ ရှိလာနိုင်လို့ ပြည်သူတွေ အနေနဲ့ လေကြောင်းရန် ကာကွယ်ရေးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို လိုက်နာကျင့်ကြံဖို့လည်း တိုက်တွန်းထားပါတယ်။

Public Service Announcement
တော်လှန်ရေးနဲ့ စစ်ရေးအရှိန်မြှင့်လာတာနဲ့အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လိုသော စစ်ကောင်စီတပ်က စစ်သည်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ ပြည်သူ့ရင်ခွင့် ခိုလှုံကြဖို့ အမြန်ဆုံး ပူးပေါင်းပေးကြဖို့လည်း ဒူရက စစ်ကြောင်းက ဖိတ်ခေါ်ထားပါတယ်။
ဒူရက စစ်ကြောင်းနဲ့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း၊ ထားဝယ်ခရိုင် တပ်ပေါင်းစု၊ ဒေါနတပ်ခွဲ (၇) ၊ ဒေါနတပ်ခွဲ (၄)၊ DGRF (ထားဝယ်-ပကဖ) ၊ နည်းဗျူဟာ (၃၃)၊ ရာမညမွန်တပ်တော်၊ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့၊ ကိုမြတ်သူအဖွဲ့ တို့ဟာ အောက်တိုဘာ ၂၆ရက်မှာ မောင်းမကန်နယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။အဲဒီ စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်မျိုးစုံ ၂၁လက်နဲ့ ခဲယမ်း၊ကျည်များစွာကို တော်လှန်ရေးပူးပေါင်းတပ်က သိမ်းရခဲ့တယ်။
တနင်္သာရီတိုင်းအတွင်းမှာ စစ်ကောင်စီဟာ နယ်မြေတွေ ပြန်လည်ထိန်းချုပ်နိုင်ဖို့ မြေပြင်စစ်ကြောင်းထိုးတာ လေကြောင်းတိုက်ခိုက်တာတွေလုပ်ဆောင်နေသလို တော်လှန်ရေးတပ်ဖွဲ့တွေကလည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိပါတယ်။


















































