အောက်တိုဘာ-၃၁၊ ၂၀၂၅။ တာရာ/People’s Spring
စစ်တပ်ရဲ့ ရွေးကောက်ပွဲကြောင့် လေဆိပ်နဲ့ နယ်စပ်ဝင်ပေါက်တွေကို လုံခြုံရေးတင်းကြပ်ထားတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။
စစ်တပ်ဦးဆောင်ပြုလုပ်မယ့် ရွေးကောက်ပွဲ နှောင့်ယှက်ခံရခြင်းမရှိစေရေးနဲ့ ပြည်ပထွက်ခွာသူတွေမရှိစေဖို့အတွက် လုံခြုံရေးတင်းကြပ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (YIA )လေယာဥ်ပြေးလမ်းကြောင်း ပြုပြင်နေခြင်းကြောင့် အောက်တိုဘာ ၂၉ ရက်ကစပြီး လေဆိပ်ကို ည ၁၂ နာရီမှ မနက် ၆ နာရီအထိ ပြုပြင်ဆဲကာလအဖြစ် ယာယီပိတ်ထားမှာဖြစ်ပြီး ဒီဇင်ဘာ ၃၁ ရက်အထိ နှစ်လအကြာပိတ်ထားမှာ ဖြစ်တယ်လို့ စစ်ဩဇာခံ MAI ကထုတ်ပြန်ထားပါတယ်။

Public Service Announcement
လေဆိပ်ဝန်ထမ်းတစ်ဦးကတော့ “လေဆိပ်ကလည်း ရွေးကောက်ပွဲကြောင့်ပိတ်တာပါ။ လုံခြုံရေးအရပေါ့။ ခရီးသည်အဝင်အထွက်ကိုလည်း သေချာစီစစ်ခိုင်းထားတယ်” လို့ ပြောပါတယ်။
အလားတူ နယ်စပ်ဂိတ်ပေါက်တွေကိုလည်း အဝင်အထွက်တင်းကြပ်ထားပြီး မသင်္ကာသူတွေ့ရှိပါက ဖမ်းဆီးဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
“နယ်စပ်ဂိတ်ပေါက်တွေကိုလည်း ရွေးကောက်ပွဲကာလ အဝင်အထွက် သေချာစစ်ဆေးဖို့ မင်းအောင်လှိုင်က ညွှန်ကြားထားတယ်”လို့ Non – CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တွေကို အပြည့်အဝထိန်းချုပ်ထားနိုင်ပေမယ့် အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ်ဝင်ထွက်ဂိတ် အများစုကိုတော့ လက်လွှတ်ဆုံးရှုံးထားပါတယ်။ တရုတ်နိုင်ငံနဲ့ ဆက်စပ်နေတဲ့ ကချင်ပြည်နယ်ရှိ နယ်စပ်ဂိတ်အားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ထိန်းချုပ်ထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တရုတ်နိုင်ငံနဲ့ နယ်စပ်ဂိတ်တွေကိုလည်း ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ စိုးမိုးထိန်းချုပ်မှုကြောင့် စစ်ကောင်စီအပြည့်အဝထိန်းချုပ်နိုင်ခြင်းမရှိပါဘူး။
ထိုင်းနိုင်ငံဆက်စပ်နေတဲ့ မြဝတီ၊ တာချီလိတ်၊ ကော့သောင်း နယ်စပ်ဂိတ်တွေကိုတော့ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီး မယ်စဲ့နဲ့ ထီးခီး နယ်စပ်ဂိတ်တွေကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။ နိုင်ငံအနောက်ပိုင်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နဲ့ ဆက်စပ်နေတဲ့ နယ်စပ်ဂိတ်တွေကိုလည်း အာရက္ခတပ်တော်(AA)နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ရဲ့ ထိန်းချုပ်မှုကြောင့် စစ်ကောင်စီက ဂိတ်အနည်းငယ်ကိုသာ ထိန်းချုပ်နိုင်တာ တွေ့ရပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီဟာ သူ့ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုသူတွေကို တောက်လျှောက်ဖမ်းဆီးနေပြီး စခန်းမှာ အမှုတန်းမဖွင့်ဘဲ စစ်ကြောရေးကို တစ်ခါတည်းပို့တယ်လို့ သိရပါတယ်။


















































