Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့တောင်ဘက်မှာ စစ်ကြောင်းထိုးဖို့ကြိုးပမ်းနေတဲ့ စစ်တပ် လန်ကျနေ

စစ်တပ်ပစ်ခတ်မှုကြောင့် ဖလူးရွာကတရုတ်လုပ်ငန်းဆိုက် မီးပန်းဂိုဒေါင် ၁၂၀ မမ လက်နက်ကြီးကျည်ထိမှန်ပြီး မီးလောင်ပေါက်ကွဲ

DKBAထိန်းချုပ်ဒေသ ဖလူးရွာက တရုတ်နိုင်ငံသားရဲ့ လုပ်ငန်းဆိုက်ဖြစ်တဲ့ မီးပန်းဂိုဒေါင် ၁၂၀မမ လက်နက်ကြီးကျည် ထိမှန် မီးလောင်ပေါက်နေစဉ်။ ဓာတ်ပုံ - Screengrab

အောက်တိုဘာ-၃၁၊၂၀၂၅/People’s Spring

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်မှာ တိုက်ပွဲပြင်းထန်နေပြီး နေ့စဉ်စစ်ကြောင်းထိုးဖို့ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ် ရှေ့မတိုးနိုင်ဘဲ လန်ကျနေတယ်လို့ တပ်မဟာ(၆)နယ်မြေက စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

” တိုးတာကနေ့တိုင်းပဲ။ နေ့တိုင်းလန်ကျတယ်။ ညကနဲ့ဒီနေ့တော့ စကစတော်တော်အထိနာတယ်”လို့ တပ်မဟာ(၆)နယ်မြေက စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

တပ်မ(၂၂)လက်​အောက်ခံ တပ်ရင်း​တွေက နေ့စဉ်စစ်ကြောင်းထိုးဖို့ ကြိုးပမ်းနေတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီကနေ့(အောက်တိုဘာ ၃၁ရက်)မှာလည်း စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော်(DKBA)ထိန်းချုပ်ဒေသ ဖလူးရွာက တရုတ်နိုင်ငံသားရဲ့ လုပ်ငန်းဆိုက်ဖြစ်တဲ့ မီးပန်းဂိုဒေါင် ၁၂၀မမ လက်နက်ကြီးကျည် ထိမှန်ပြီး မီးလောင်ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်က လေးကေ့ကော်ဒေသကို စက်တင်ဘာ ၂၃ရက်ကစပြီး တပ်မ(၂၂)လက်​အောက်ခံ တပ်ရင်း​တွေကို သုံးရင်းတစ်ဗျူဟာဖွဲ့ပြီး ဗျူဟာ ၃ ခုနဲ့ ခွဲပြီး စစ်​ကြောင်းထိုးတိုက်ခိုက်​နေတာပါ။ ဗျူဟာ (၂၂၁) ၊ ဗျူဟာ(၂၂၂)၊ ဗျူဟာ(၂၂၃) ဆိုတဲ့ သုံးဗျူဟာနဲ့ တစ်ဗျူဟာ အင်အား ၄၀၀ ​ကျော်နဲ့ စုစုပေါင်း အင်အား ၁၂၀၀နဲ့ စစ်ကြောင်းထိုးလာတာလို့ ပူးပေါင်းစစ်ဆင်ရေးမှူး ဗိုလ်မှူးသူရစောဒါဘောက ‌အောက်တိုဘာ ၂၃ရက်မှာ လူထုနွေဦးကို ပြောထားပါတယ်။

ကရင်ပြည်နယ်၊လေးကေ့ကော်ဒေသကိုတပ်မ(၂၂) ၊လက်​အောက်ခံဗျူဟာသုံးဗျူဟာနဲ့ စစ်သားအင်အား ၁၂၀၀ ကျော်သုံး စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ တိုက်ပွဲကာလတစ်လအတွင်းမှာ ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် ၁၅၀ခန့်သေဆုံးပြီး ၂၀၀​ ခန့်ဒဏ်ရာရရှိကာ အထိနာနေတယ်လို့ ပူးပေါင်းစစ်ဆင်ရေးမှူး ဗိုလ်မှူးသူရစောဒါဘောက ပြောပါတယ်။

လေးကေ့ကော်ဒေသတိုက်ပွဲ တစ်လအတွင်းမှာ စစ်ကောင်စီတပ်က လက်နက်နဲ့ လေးဦးအလင်းဝင်လာပြီး မြေပြင်မှာ သိမ်းဆည်းရမိတာက လက်နက် ၅လက်နဲ့ စစ်သားတစ်ဦး ဖမ်းဆီးရမိတယ်လို့လည်း ဆိုပါတယ်။

စစ်တပ်ဟာလေးကေ့ကော်ဒေသတိုက်ပွဲအတွင်းမှာ စစ်မှုထမ်းဥပဒေနဲ့ ခေါ်ဆောင်လာတဲ့ တပ်သားသစ်တွေကို အများဆုံးအသုံးပြုထားတယ်လို့လည်းသူက ပြောပါတယ်။

ဆက်စပ်သတင်းများ