အောက်တိုဘာ-၃၁၊ ၂၀၂၅။ ထားမြတ်/People’s Spring
ရှမ်းမြောက်မှာ အပစ်ရပ်စဲပြီးနောက် စစ်ကောင်စီက အာရက္ခဒေသကို လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်လုပ်ဆောင်လာကြောင်း တအာင်းတပ်မတော်(TNLA)၊ ကိုးကန့်တပ်မတော်(MNDAA)တို့ရဲ့ မဟာမိတ်ဖြစ်တဲ့ အာရက္ခတပ်တော်(AA)က ဒီကနေ့(အောက်တိုဘာ ၃၁ရက်)မှာ ထုတ်ပြန်ပါတယ်။
စစ်ရေး၊ နိုင်ငံရေးအပါအဝင် အဘက်ဘက်က ရှုံးနမ့်နေတဲ့ စစ်ကောင်စီဟာ ၂၀၂၅အတွင်း ရှမ်းမြောက်ဒေသမှာ အပစ်အခတ်ရပ်စဲရေးကို ညီနောင်မဟာမိတ်သုံးဖွဲ့ထဲမှ နှစ်ဖွဲ့ဖြစ်တဲ့ ကိုးကန့်၊ တအာင်းအဖွဲ့အစည်းတို့နဲ့ မရှေးမနှောင်း ပြုလုပ်နိုင်ခဲ့ပေမယ့် မြန်မာပြည်သူတွေအပေါ် နေ့စဉ်ကျူးလွန်နေသော စစ်ရာဇဝတ်မှုများမှာ လျော့ကျသွားခြင်းမရှိဘဲ အာရက္ခဒေသမှာသာမက မြန်မာတစ်နိုင်ငံလုံးအနှံ့အပြားမှာ အပြစ်မဲ့အရပ်သားပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှုများကို လက်ရဲဇက်ရဲ ဆက်လက်ကျူးလွန်နေဆဲဖြစ်တယ်လို့ ဖော်ပြပါတယ်။
ရှမ်းမြောက်ဒေသမှာ ပြုလုပ်နေတဲ့ စစ်ကောင်စီရဲ့ ထိုးစစ်ဟာ အပစ်ရပ်စဲမှု ပြုလုပ်ပြီးချိန်မှာ သူတို့ရဲ့ စစ်ဆင်ရေးနယ်မြေအချို့ကျုံ့သွားတာကို အခွင့်ကောင်းယူပြီး အာရက္ခတပ်တော်တပ်ဖွဲ့ဝင်များ ရှိသော နေရာတွေကိုသာမက အာရက္ခပြည်သူလူထုကို အဓိကပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို မနေ့က အောက်တိုဘာ ၃၀ရက်က စအရှိန်မြှင့်လုပ်ဆောင်လာတာလို့ AAက ထုတ်ပြန်ပါတယ်။

Public Service Announcement
စစ်ကောင်စီဟာ TNLA ထိန်းချုပ်မြို့ရွာတွေကို အောက်တိုဘာအတွင်း လေကြောင်း တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့ပြီး တရုတ်ကြားဝင်စီစဉ်တဲ့ အောက်တိုဘာ ၂၆နဲ့ ၂၇ရက် ဆွေးနွေးပွဲအပြီး TNLAနဲ့ အပစ်ရပ်သဘောတူညီမှုရခဲ့လို့ လေကြောင်း တိုက်ခိုက်တာတွေ ရှမ်းမြောက်မှာ ရပ်နားသွားတာဖြစ်ပါတယ်။
ဆွေးနွေးပွဲ မတိုင်ခင် အောက်တိုဘာလအတွင်းမှာ TNLA နယ်မြေကို စစ်ကောင်စီက အကြိမ် ၄၀ လောက် လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ပြည်သူ ၅၀ လောက်သေဆုံးကာ ၆၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။
အဲဒီလို ရှမ်းမြောက်မှာ အပစ်ရပ်ပြီးနောက် အောက်တိုဘာ ၃၀ရက်ကစပြီး AA ထိန်းချုပ်မြို့နယ်တွေကို လေကြောင်း စစ်ဆင်ရေးဆက်တိုက်ပြုလုပ်လာလို့ နှစ်ရက်အတွင်း ပြည်သူသေဆုံးထိခိုက်မှုတွေ အများအပြား ဖြစ်ခဲ့ရပါတယ်။
အောက်တိုဘာ ၃၀ရက် တနေ့တည်းမှာ စစ်တွေမြို့၊ ရသေ့တောင်မြို့၊ ပုဏ္ဏားကျွန်းမြို့၊ ပေါက်တောမြို့နဲ့ ကျောက်ဖြူမြို့၊ ဇင်ချောင်း တိုက်နယ် ကုန်ဘွေရွာကို စစ်ကောင်စီ လေကြောင်း၊ ရေကြောင်း ၊လက်နက်ကြီး ဒ၇ုန်းနဲ့ တိုက်ခိုက်ခဲ့လို့ အရပ်သား ပြည်သူလူထုများထဲက သေဆုံးသူ (၈) ဦး နဲ့ ဒဏ်ရာရသူ ၂၂ဦး ရှိခဲ့ကြောင်း AAက အသိပေးပါတယ်။
ဒါ့အပြင် ဒီကနေ့မှာလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာရွာအား လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၄ဦး သေဆုံးကာ ဒဏ်ရာရသူတွေထဲက ၁၀ဦးဟာ ပြင်းထန် ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အာရက္ခပြည်သူလူထုတွေအပေါ် လေကြောင်းကနေ သူရဲဘောကြောင်စွာ ဗုံးကြဲတိုက်ခိုက်မှုတွေအပေါ် ပြင်းထန်စွာရှုတ်ချပြီး ပြည်သူလူထုအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အထူးသတိထားကြဖို့ AAက ထပ်လောင်း သတိပေးပါတယ်။
မြန်မာတစ်နိုင်ငံလုံးအနှံ့အပြားက စစ်ရေးနဲ့လုံးဝမသက်ဆိုင်တဲ့ အရပ်သားပြည်သူနေထိုင်ရာ မြို့၊ ရွာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ လူနေထူထပ်သောရပ်ကွက်၊ ဘာသာရေး၊ လူမှုရေးပွဲတွေကြောင့် ဖြစ်ပေါ်လာတဲ့ လူအစုအဝေးတွေရှိရာနေရာတွေကို လူမဆန်စွာ၊ သူရဲဘောကြောင်စွာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာ၊ လက်နက်ကြီး၊ ဒရုန်းများနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေတာဟာ စစ်ရာဇဝတ်မှုကို ဗြောင်ကျကျ ကျူးလွန်နေပြီး လူသားမျိုးနွယ်အပေါ် လက်နက်အားကိုးနဲ့ ပြစ်မှုကျူးလွန်နေတာဖြစ်တယ်လို့ AAက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဟာ စစ်ရှုံးနေမှုတွေကို ဖုန်းကွယ်ဖို့ ကြိုးစားအားထုတ်တဲ့အနေနဲ့ အပြစ်မဲ့ပြည်သူလူထုတွေအပေါ် အကြမ်းဖက်သတ်ဖြတ်နေတာ၊ ကမ်းကုန်အောင် ရက်စက်ယုတ်မာနေတာလည်းဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်း၊ ရေကြောင်း လက်နက်ကြီး၊ ဒရုန်းများ တိုက်ခိုက်မှုရန်ကို အရင်ထက် ပိုသတိထားဖို့ စစ်ရေးသတိ အပြည့်အ၀ နေ့၊ ည အချိန်မရွေးရှိကြဖို့ တိုက်တွန်းထားပါတယ်။
AAနဲ့ စစ်ကောင်စီအကြား စစ်ရေး အခြေအနေတွေကိုလည်း ထုတ်ပြန်ချက်မှာ အသိပေးထားပါယ်။
လက်ရှိအချိန်ဟာ စစ်ကောင်စီတပ်ဟာ အာရက္ခတစ်ပြည်လုံးနီးပါးအား လက်လွှတ်ဆုံးရှုံးဖို့ လက်တစ်ကမ်းအလိုရောက်နေသလို တပြိုင်တည်းမှာ ရက္ခိုင်ရိုးမနဲ့ နယ်မြေချင်း ထိစပ်လျက်ရှိသော ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်း အစရှိသော နေရာတွေအပြင် AA စစ်ရေးလှုပ်ရှားနေတဲ့ နေရာအချို့မှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း AAက ထုတ်ပြန်ပါတယ်။


















































