နိုဝင်ဘာ-၁၊၂၀၂၅။ဇော်ဝင်း/People’s Spring
တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်က ရွာသစ်ကျေးရွာကို စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ထိုးစစ်ဆင်လာလို့ တော်လှန်ရေးတပ်ဖွဲ့တွေ ခေတ္တဆုတ်ခွာပေးထားရတယ်လို့ သတင်းရပါတယ်။
ဒါပေမယ့် ရွာသစ်ရွာနဲ့ အနီးမှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ရေတာရှည်မြို့နယ် အခြေစိုက်ရဲဘော် ဆိုပါတယ်။
စစ်ရေးအရအရေးပါတဲ့ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းက ရွာသစ်ကျေးရွာက စစ်ကောင်စီတပ် အထိုင်စခန်းနဲ့ကာကင်းတွေကို နေပြည်တော်တိုင်းစစ်ဌာနလက်အောက် တပ်ရင်းတွေက အောက်တိုဘာ ၂၀ရက်မှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement
အောက်တိုဘာနောက်ဆုံးပတ်က စစ်ကောင်စီတပ်ရဲ့မြေပြင်နဲ့ လေကြောင်းကနေ တရစပ်ထိုးစစ်ဆင်ခဲ့ပြီးတဲ့နောက် ရွာသစ်ကျေးရွာကနေ ကာကွယ်ရေးတပ်ဖွဲ့ တွေ ဆုတ်ခွာခဲ့ရတာလို့ ဆိုပါတယ်။
“ရန်သူ့အင်အားများတယ်။ရွာသစ်က ခဏဆုတ်ပေးထားရတယ်”လို့ နေပြည်တော်တိုင်းစစ်ဌာနစစ်ဦးစီးချုပ်ဗိုလ်လကျာ်က ပြောပါတယ်။
ဆွာမြို့နဲ့ (၃)မိုင်လောက်သာဝေးတဲ့ ရွာသစ်ရွာက အထိုင်စခန်းနဲ့ကာကင်းတွေကို ပြန်ရဖို့ စစ်ကောင်စီက ဆွာမြို့အခြေစိုက် ခလရ(၁၉)နဲ့ (၈၄)တပ်ရင်းနဲ့ ရေနီမြို့ဘက်က စစ်ကောင်စီ အင်အား ၄၀၀ခန့် အသုံးပြုထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် နေ့စဥ်လေကြောင်းကနေ တိုက်ခိုက်မှုတွေပါ ရှိနေပါတယ်။
အောက်တိုဘာ ၂၀ရက်က ရွာသစ်ရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်က တပ်ရင်းမှူးအပါအဝင် ၁၅ဦး သေဆုံးခဲ့ပြီး စစ်သုံ့ပန်းနှစ်ဦး ဖမ်းဆီးရကာ တပ်ရင်းမှူးညီညီနိုင် လက်ရဖမ်းဆီးချိန်မှာ ပစ္စတိုထုတ်ပြီး ခုခံတာကြောင့် အသေပစ်သတ်လိုက်ရတယ်လို့ နေပြည်တော်တိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။


















































