နိုဝင်ဘာ – ၃ ၊၂၀၂၅
ပြည်ပမှာ အလုပ်အကိုင်ကောင်းကောင်း ရရှိဖို့ မျှော်လင့်ချက်နဲ့ ထွက်ခွာလာတဲ့ ဟောင်ကောင် နိုင်ငံသား တချို့ဟာ မြန်မာနိုင်ငံက အွန်လိုင်း ငွေကြေးလိမ်လည်မှု (ကျားဖြန့်)ဂိုဏ်းတွေထဲမှာ ပိတ်မိနေတယ်လို့ ဆိုပါတယ်။
ဟောင်ကောင်ကနေ ထွက်ခွာလာချိန်တုန်းက သူဟာ ထိုင်းနိုင်ငံမှာ ပုံမှန် ကောင်းရောင်း ကောင်းဝယ် အလုပ်တစ်ခုခုရဖို့ မျှော်လင့်ခဲ့တယ်လို့ နန်စီက ဆိုပါတယ်။
နောက်တော့ သူငယ်ချင်း တစ်ယောက်က ထိုင်းနဲ့ မြန်မာကြား နယ်စပ်ဖြတ်ကျော် သွားလာရတဲ့ အဝယ်တော် အလုပ်တစ်ခုကို ညွှန်းပေးခဲ့ပါတယ်။ တကယ်တမ်းကျတော့ နယ်စပ်ကို ရောက်လာချိန်မှာ နန်စီဟာ ကျားဖြန့် လူမှောင်ခို သမားတွေရဲ့ ဖမ်းဆီးချုပ်နှောင်တာ ခံရပြီး ငွေလိမ်တဲ့ လုပ်ငန်းတွေမှာ အဓမ္မ ခိုင်းစေ ခံခဲ့ရတယ်လို့ ဆိုပါတယ်။

Public Service Announcement
သူ့ရဲ့ အလုပ်ကတော့ ချမ်းသာကြွယ်ဝတဲ့ အမေရိကန် နိုင်ငံသားတွေကို အွန်လိုင်းကနေ အတုအယောင် အချစ်ဇာတ်လမ်းတွေ ဖန်တီးပြီး ငွေလိမ်ရတာ ဖြစ်ပါတယ်။ သူနဲ့ တခြား အလားတူ ဝန်ထမ်းတွေဟာ ဖုန်းတွေ၊ ကွန်ပျူတာတွေ စုံစုံလင်လင် ရရှိထားပြီး သားကောင်တွေကို ရှာဖွေ စည်းရုံးရပါတယ်။ သူတို့ဟာ နေ့တိုင်း အနည်းဆုံး သားကောင်အသစ် နှစ်ယောက်ရဲ့ ဆက်သွယ်ရမယ့် အချက်အလက်တွေကိုပါ ရှာဖွေပေးရကြောင်း နန်စီက ဆိုပါတယ်။
သူက ကျားဖြန့်ဂိုဏ်းတွေမှာ အတင်းအကျပ် ခိုင်းစေခံရတဲ့ ဘဝဟာ ကြမ်းတမ်းလွန်းတယ်လို့ ပြောပါတယ်။ ဝန်ထမ်းတွေဟာ နေ့စဉ် သတ်မှတ်ထားတဲ့ ခွဲတမ်းပြည့်အောင် လိမ်လည်တာတွေ မလုပ်နိုင်ရင် တုတ်တွေ၊ ကြာပွတ်တွေနဲ့ အရိုက်ခံရသလို ကျင်စက်နဲ့ ရှော့တိုက်ခံရပြီး တချို့ဆိုရင် ဝက်ဝံနက်ကြီး တစ်ကောင်နဲ့ တစ်ခန်းထဲ အတူပိတ်လှောင် ခံထားရလေ့ ရှိတယ်လို့ သူက ဆိုပါတယ်။
အခုတော့ ကံကောင်းထောက်မစွာနဲ့ သူဟာ ပြန်လည် လွတ်မြောက်လာပြီး အဲဒီ ကြောက်လန့်စရာ အတွေ့အကြုံတွေကို ပြန်လည် ဝေမျှသွားမယ်လို့ ပြောပါတယ်။ ဟောင်ကောင် နိုင်ငံသားတွေ အပါအဝင် အဲဒီ ငရဲခန်းဆန်တဲ့ ကျားဖြန့်ဂိုဏ်းတွေထဲမှာ ပိတ်မိနေသူ အများစုဟာ ကယ်သူမဲ့နေပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ နည်းလမ်းရှာပြီး လွတ်မြောက်လာသူ အနည်းအကျဉ်းလောက်သာ ရှိတယ်လို့ နန်စီက ဖွင့်ဟခဲ့ပါတယ်။
အရှေ့တောင်အာရှမှာတော့ ကမ္ဘောဒီးယား၊ မြန်မာနဲ့ ဗီယက်နမ် ပိုင်နက်ထဲက တရားဥပဒေ စိုးမိုးမှု လက်လှမ်းမီနိုင်စွမ်း လျော့နည်းတဲ့ နယ်စပ်တွေမှာ ကျားဖြန့်ဂိုဏ်းတွေ အဓိက လှုပ်ရှားနေပါတယ်။ ကျားဖြန့်သမားတွေရဲ့ လှည့်စားပြီး လူမှောင်ခိုကူးတာ ခံရတဲ့ တချို့ သားကောင်တွေ၊ ဥပမာ မနှစ်တုန်းက တရုတ် သရုပ်ဆောင် ဝမ်ကျင်လို လူမျိုးတွေကို ကယ်ထုတ်နိုင်ခဲ့ပေမယ့် အများစုကတော့ အဲဒီ ဥပဒေမဲ့ ဇုန်နယ်မြေတွေမှာ ဆက်ပြီး ပိတ်မိနေဆဲပါ။
ဇန်နဝါရီလကနေ ဇူလိုင်လထိ အတောအတွင်း ကျားဖြန့်ဂိုဏ်းတွေမှာ ဖမ်းဆီးခံထားရတဲ့ ဟောင်ကောင်နိုင်ငံသားတွေအကြောင်း တိုင်ကြားမှု ၂၉ ခုကို လက်ခံရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အဲဒီထဲက ၂၆ ယောက်ကတော့ နေရပ်ပြန်လာပြီး နောက်ထပ် ၂ ဦးကလည်း အကူအညီ မလိုအပ်တော့ဘူးလို့ ဆိုပါတယ်။
ဟောင်ကောင် အစိုးရက ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံဖက်မှာ ပိတ်မိနေတဲ့ နိုင်ငံသား အားလုံးကို ကယ်ထုတ်ဖို့ ကြိုးစားနေပေမယ့် မြန်မာဖက်ခြမ်းက စစ်ရေး ပဋိပက္ခတွေကြောင့် လုပ်ငန်း နှောင့်နှေးမှုတွေ ဖြစ်ပေါ်နေကြောင်းလည်း မှတ်ချက်ပေးထားပါတယ်။
ကျားဖြန့် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ BGF ထိန်းချုပ်ရာ ရွှေကုက္ကိုလ်မြို့သစ်
ကိုးကား: Young Post Club ၊ ဓာတ်ပုံ – AFP


















































