နိုဝင်ဘာ-၃၊၂၀၂၅။အိမ်သွင်/People’s Spring
လေဖိအားနည်းရပ်ဝန်းနဲ့ လေပွေလှိုင်းတွေကြောင့်ကြောင့် ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်အများအပြား လေပြင်းနဲ့ မိုးကြီးမယ့်အန္တရာယ်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ဒီကနေ့ သတိပေးပါတယ်။

နိုဝင်ဘာလ ၃ရက်ကနေ နိုဝင်ဘာလ ၉ ရက်အတွင်း ရာသီဥတုသတိပေးချက်ကို MOHADM က ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာလေဖိအားနည်းရပ်ဝန်းဖြစ်နေပြီးလာမယ့် ၄၈ နာရီအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် ဆက်လက်ရွေ့လျားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement
လေဖိအားနည်းရပ်ဝန်းကြောင့် ရခိုင်ကမ်းရိုးတန်း၊ မုတ္တမပင်လယ်ကွေ့၊မြန်မာနိုင်ငံတောင်ဘက်ကမ်းရိုးတန်းနှင့် တနင်္သာရီကမ်းရိုးတန်းတို့မှာ မိုးသက်လေပြင်းကျရောက်နိုင်တယ်လို့ သတိပေးထားပါတယ်။
ဒါ့အပြင်လေဖိအားနည်းရပ်ဝန်းနဲ့ အရှေ့ဘက်ကလာတဲ့လေပွေလှိုင်းတွေအရှိန်ကြောင့်ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ ဧရာ၀တီတိုင်း၊ ရခိုင်ပြည်နယ်၊စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊မွန်ပြည်နယ်၊တနင်္သာရီတိုင်းမှာ လေပြင်းတိုက်ခတ်ပြီးနေရာကွက်မိုးကြီးနိုင်တယ်လို့ သတိပေးထားပါတယ်။
နိုဝင်ဘာ ၂ ရက်ကလည်း ရန်ကုန်မြို့အပါအဝင်ဒေသအချို့မှာမိုးတွေသည်းထန်စွာရွာသွန်းခဲ့ပါတယ်။ရန်ကုန်မြို့က လမ်းအချို့မှာ ကားလမ်းပေါ်ရေလျှံခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ကစပြီး ရန်ကုန်မြို့မှာမိုးသည်းထန်ခဲ့ပြီး သန်လျင်နဲ့ တွံတေးမြို့နယ်တွေမှာ လေပြင်းတိုက်လို့ အပျက်အစီးတွေရှိခဲ့ပါိတယ်။ ရန်ကုန်တိုင်းအပြင် ပဲခူး၊ဧရာဝတီ၊ တနင်္သာရီတိုင်းနဲ့ မွန်၊ကရင်၊ရခိုင်ပြည်နယ်တွေမှာလည်း မိုးကောင်းခဲ့ပါတယ်။ ယခုကာလက မိုးစပါးရိတ်သိမ်းချိန်ဖြစ်ပြီး အခါလွန်မိုးရွာလို့ သီးနှံပျက်စီးမှုတွေလည်း ရှိနေပါတယ်။
အနောက်တောင်မုတ်သုံလေဟာ အောက်တိုဘာလလယ်မှာ မြန်မာနိုင်ငံက ဆုတ်ခွာသွားပေမယ့် ဒေသအများစုမှာ အခါလွန်မိုးတွေဆက်ရွာနေတာဖြစ်ပါတယ်။
















































