နိုဝင်ဘာ-၄၊ ၂၀၂၅။ ထားမြတ်/People’s Spring
လူသေဆုံးထိခိုက်မှုများပြားခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးအပြီး စစ်ကောင်စီက ငလျင်ဘေးသင့်ဒေသတွေအပါအဝင် နိုင်ငံတဝန်း လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၆၀၀ကျော် သေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မတ်လ ၂၈ရက်မှာ ငလျင်ဘေးကြောင့် အပစ် ရပ်စဲကြောင်း အာဏာသိမ်းစစ်တပ်က ကြေညာခဲ့ပေမယ့် ငလျင်လှုပ်တဲ့နေ့အပါအဝင် လက်ရှိအချိန်ထိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တွေ စိုးမိုးထိန်းချုပ်ရာနယ်မြေဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်အရှိန်မြှင့် ပြုလုပ်ခဲ့တာပါ။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်မှ ၂၀၂၅ မေလကုန်ထိ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ၂၈၄၁ ကြိမ်ရှိခဲ့ပြီး သေဆုံးသူ ၃၁၅၂ ဦး ရှိခဲ့တယ်လို့ ဇွန်လ ၄ရက်မှာ အသိပေးထားပါတယ်။ အဲဒီ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၂၈၀၀ ကျော်မှာ မတ်လ ၂၈ရက်ကနေ မေလကုန်အထိ လေကြောင်း တိုက်ခိုက်မှု အကြိမ် ၅၂၈ ကြိမ်ရှိပြီး ပြည်သူ ၄၆၂ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။

Public Service Announcement
မေလကုန်နောက်ပိုင်း ဇွန်လ ၁ရက်ကနေ အောက်တိုဘာလကုန်အထိ ၅လတာအတွင်း စစ်ကောင်စီက နိုင်ငံတဝန်းကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁၁၅၈ ကြိမ် ထပ်မံ ပြုလုပ်ခဲ့ရာ ပြည်သူ၁၁၇၀ ဦး ထပ်မံ သေဆုံးကာ ပြည်သူ ထောင်ချီဒဏ်ရာရခဲ့ပါတယ်။
ဒါကြောင့် မတ်လ ၂၈ရက်ကနေ အောက်တိုဘာလကုန် အထိ ၇လတာအတွင်း စစ်တပ်ရဲ့နိုင်ငံတဝန်း လေကြောင်း တိုက်ခိုက်မှုပေါင်း ၁၆၈၆ ကြိမ်ရှိခဲ့ပြီး ပြည်သူ ၁၆၃၂ ဦးသေဆုံးခဲ့ရပါတယ်။ ဒဏ်ရာရသူတွေ ထပ်မံ သေဆုံးတာတွေရှိလို့ သေဆုံးမှုအရေအတွက် ပိုများနိုင်တာကိုလည်းတွေ့ရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်မှာ ၂၀၂၅ အောက်တိုဘာလကုန်အထိ စစ်ကောင်စီက နိုင်ငံတဝန်း လေကြောင်း တိုက်ခိုက်မှု ၃၉၉၉ကြိမ် ပြုလုပ်ခဲ့လို့ ပြည်သူ ၄,၃၂၂ ဦးထက်မနည်းသေဆုံးခဲ့ရပေမယ့် အခု နိုဝင်ဘာလအတွင်းမှာလည်း စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လက်ပြုလုပ်နေဆဲဖြစ်ပါတယ်။
လေကြောင်း တိုက်ခိုက်ခံရလို့ သေဆုံးသူ ၄၃၀၀ ကျော်ထဲမှာ အသက် (၁၈)နှစ်အောက် ကလေးသူငယ် ၆၀၁ ဦး ပါဝင်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၃ရက် ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
စစ်အုပ်စုဟာ ၂၀၂၅ ဒီဇင်ဘာမှာ ကျင်းပဖို့ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲ မတိုင်ခင်မှာ လေကြောင်း စစ်ဆင်ရေးတွေ၊ အကြမ်းဖက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နေတာ ဖြစ်ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနနဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
“အကြမ်းဖက်မှုတွေကိုပိုပြီးအရှိန်မြှင့်လုပ်ဆောင်နေတယ်ဆိုတာလပိုင်းအတွင်းမြင့်တက်လာတဲ့ အကြမ်းဖက်မှုကိန်းဂဏန်းတွေအရသိနိုင်ပါတယ်”လို့ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း (၃၉၄)ကျောင်း၊ ဆေးရုံ၊ ဆေးခန်း (၁၃၄)ခုနဲ့ ဘာသာရေးအဆောက်အအုံ (၆၀၄)ခု ပျက်စီးဆုံးရှုံးခဲ့ရ ဟုလည်း အသိပေးထားပါတယ်။
စစ်အုပ်စုဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကိုလည်း ဆက်တိုက်ကျူးလွန်လျက်ရှိပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ပေါင်း (၄၆၄) မှု ကျူးလွန်ခဲ့သလို သေဆုံးသူစုစုပေါင်း (၄,၈၉၃) ဦး ရှိကြောင်း တွေ့ရတယ်လို့ ထုတ် ပြန်ပါတယ်။
အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှုကြောင့် သေဆုံးရသူတွေထဲမှာ အသက် ၁၈နှစ်အောက် ကလေးငယ် ၅၅၄ဦး ပါဝင်နေပြီး အမျိုးသမီး ၈၆၃ဦး ပါဝင်ကြောင်း ထုတ်ပြန်ပါတယ်။




















































