ကိုယ်ဝန်ဆောင်ဇနီးကို PDFက ပြန်လွှတ်ပေး
နိုဝင်ဘာ-၄၊ ၂၀၂၅။ဇေအောင်/People’s Spring
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ကိုယ်ဝန်ဆောင် ဇနီးကိုခေါ်ပြီး ကုန်ကားတွေကို ငွေတောင်းနေတဲ့ ရဲတစ်ဦးပစ်ခတ်ခံရလို့ သေဆုံးပြီး ဇနီးဖြစ်သူ အဖမ်းခံလိုက်ရကြောင်း သတင်းရရှိပါတယ်။

နိုဝင်ဘာ ၁ရက် မနက် ၇နာရီခွဲခန့်က ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ရေစကြိုလမ်းပိုင်းက ပခုက္ကူလေယာဥ်ကွင်းထိပ်မှာ ကုန်ကားတွေကို ငွေတောင်းနေတဲ့ ရဲတစ်ဦးကို ပစ်ခတ်ခဲ့ရာ ပွဲခြင်းပြီးသေဆုံးပြီး MA1 သေနတ်တလက်နဲ့ ဆိုင်ကယ် တစီး သိမ်းရခဲ့တယ်လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက ပြောပါတယ်။

Public Service Announcement
“သူတို့က ပခုက္ကူလေယာဥ်ကွင်းထဲမှာ တပ်စွဲအထိုင်ချတာ။ သူတို့အထက်ကတော့ တောင်းခွင့်မပြုဘူး။ ဒါပေမဲ့ သူတို့ဘက်ဂျက်အရ တခါတလေ ခိုးခိုးထွက်တောင်းတဲ့ အချိန်တွေရှိတယ်။ အဲဒီအချိန်မှာ သွားပြီး အနားရောက်တာနဲ့ တေ့ပစ်ခဲ့တာပါ။”လို့ ကိုအောင်မောင်းက ပြောပါတယ်။
သေဆုံးရဲတပ်သားဟာ ပခုက္ကူမြို့ဇာတိ အသက် (၂၆)နှစ်အရွယ် ကိုရည်မွန်ဆိုသူဖြစ်ပြီး လုပ်သက် ၆ နှစ်ရှိပြီဖြစ်ကာ ပခုက္ကူ မြို့မရဲစခန်း တာဝန်ကျနေသူဖြစ်ကြောင်း၊ ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ သူ့ရဲ့ဇနီးဖြစ်သူဟာ ကိုယ်ဝန် ၅ လရှိနေလို့ လိုအပ်တာ စစ်ဆေးပြီးနောက် မွေးလာမယ့် ကလေးကို သက်ညှာကာ ပြန်လည်လွှတ်ပေးခဲ့တယ်လို့ Southern YSO PDFက အသိပေးပါတယ်။
အဲဒီပစ်ခတ်မှုကို သွားရောက်တဲ့အချိန် စစ်ကောင်စီဂိတ်တွေနဲ့နီးလို့ စစ်ကောင်စီယူနီဖောင်းဝတ်ကာ သွားရောက်ပစ်ခတ်ခဲ့တာလို့ Southern YSO PDFရဲ့တာဝန်ရှိသူက ပြောပါတယ်။
ပစ်ခတ်နေချိန် မီတာ ၂၀၀ အကွာက စစ်တပ်ဂိတ်ကနေ ပစ်ကူလို့ အဲဒီဂိတ်ကို ၄၀ မမ တစ်လုံး ပြန်လည်ပစ်ခတ်လိုက်တာကြောင့် စစ်အုပ်စုဝင် တစ်ဦးသေဆုံးခဲ့တယ်လို့ Southern YSO PDF ကထပ်မံ အသိပေးပါတယ်။
အဲဒီစစ်ဆင်ရေးကို Southern Yesagyo တပ်ပေါင်းစုဖြစ်တဲ့ Southern YSO PDF၊ Yesagyo Revolution Group(YRG)၊ ဒေါင်းညီနောင် PDF -PKU၊ ပြည်သူ့အားမာန်၊ King Cobra၊ ဒေါင်းစစ်သည် စတဲ့အဖွဲ့တွေက ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။


















































