Connect with us

Hi, what are you looking for?

သတင်း

Mobile Dataနဲ့ အင်တာနက်သုံးရလို့ ပြည်သူတွေ ငွေပိုကုန်ကျနေ

ရန်ကုန်မြို့အပါအဝင် နေရာအများအပြားမှာ ဖိုက်ဘာအင်တာနက်လိုင်းတွေ ပြတ်တောက်နေတာ သုံးရက်ရှိပြီဖြစ်ပြီး အင်တာနက်ကို Mobile Dataနဲ့ အသုံးပြုနေရတာကြောင့် ကုန်ကျစရိတ်တွေပိုလာတယ်လို့ ပြည်သူတွေက ပြောပါတယ်။

မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုနေသူတစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - RFA

နိုဝင်ဘာ-၄၊၂၀၂၅။တေဇ/People’s Spring

ရန်ကုန်မြို့အပါအဝင် နေရာအများအပြားမှာ ဖိုက်ဘာအင်တာနက်လိုင်းတွေ ပြတ်တောက်နေတာ သုံးရက်ရှိပြီဖြစ်ပြီး အင်တာနက်ကို Mobile Dataနဲ့ အသုံးပြုနေရတာကြောင့် ကုန်ကျစရိတ်တွေပိုလာတယ်လို့ ပြည်သူတွေက ပြောပါတယ်။

“Mobile Dataသုံးနေရလို့ ဘေလ်တွေ အများကြီး ကုန်နေပါပြီ။ဖုန်းဆက်မေးချင်တာလဲ မရဖြစ်နေတာပါ။Viber နဲ့မေးလဲ စာမဖတ်ထားတော့ မသိရဘူး ဖြစ်နေတာ”လို့ လက်ရှိ ကြုံရတဲ့ အခြေအနေကို အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့အပါအဝင် နေရာအမျးအပြားမှာ နိုဝင်ဘာ ၁ရက် နေ့လည်ကစပြီး ဖိုက်ဘာအင်တာနက်တွေ လိုင်းကျတာ ၊ အသုံးပြုလို့မရတာတွေဖြစ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

တချို့ဖိုက်ဘာအင်တာနက်တွေ လိုင်းအသုံးပြုလို့ ပြန်ရပေမယ့် အများစုကတော့ ဒီကနေ့(နိုဝင်ဘာ၄) ရက်အထိ အသုံးပြုလို့ မရသေးဘူးလို့ ပြည်သူတွေက ပြောပါတယ်။

“ရုံးပိတ်ရက် အိမ်မှာ ဝိုင်ဖိုင်လေးနဲ့ သာယာမယ်ထင်တာ။ အခုတော့ မိုဘိုင်းဒေတာဖိုးနဲ့ မွဲတော့မယ်။ဒေတာနဲ့ဆိုတော့ ဇာတ်ကားတောင်မကြည့်ရဘူး လို့ လှိုင်မြို့နယ်မှာနေထိုင်တဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦးကပြောပါတယ်။

မြန်မာရေပိုင်နက်ဇုန်မှာ ရေအောက်ကေဘယ်ဖိုက်ဘာ ပြတ်တောက်မှုကြောင့် အင်တာနက် အသုံးပြုမှုတွေ အဆင်မပြေဖြစ်နေတာဖြစ်ပြီး ၅ ရက်ကနေ ၇ ရက်အထိ ကြာနိုင်တယ်လို့ True NET ကုမ္ပဏီက အသိပေးထားပါတယ်။

“၇ ရက်ကတော့ လွန်ပါတယ်ကွာ။ Data အတွက် ဘေလ်အများကြီးကုန်ရတော့ မှာ ၊ Customer တွေကို ဘာပြန်လုပ်ပေးမှာလဲ။ အဖြေတိတိကျကျပေးပါ လို့ သုံးစွဲသူတစ်ယောက်က မှတ်ချက်ပေးထားပါတယ်။

အခြား ဖိုက်ဘာအင်တာနက် ကုမ္ပဏီတွေက ပြတ်တောက်မှုဖြစ်တဲ့ အပေါ် မကြာမီပြင်ဆင်နိုင်မယ်လို့ ပဲ ယေဘုယျ ကြေညာထားပြီး True NET ကုမ္ပဏီတစ်ခုပဲ ခန့်မှန်းရက်ကို အသိပေးထားတာပါ။

ဒါ့အပြင် ဒီရက်က လကုန်ရက်ဖြစ်တာကြောင့် ဖိုက်ဘာအင်တာနက် ကုမ္ပဏီတွေက လစဉ်ကြေး နောက်မကျဖို့ သတိပေးတာတွေကိုတော့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

အဲဒီ့ကိစ္စအပေါ် သုံးစွဲသူပြည်သူတွေက အင်တာနက်လိုင်းပြတ်တောက်တဲ့ ရက်တွေနဲ့ပတ်သက်ပြီး ကုမ္ပဏီတွေဘက်က ဘာတွေပြန်လုပ်ဆောင်ပေးမလဲ မေးခွန်းထုတ်ထားပါတယ်။

True NET နဲ့ HI ကုမ္ပဏီတွေကတော့ အင်တာနက်ပြတ်ခဲ့တဲ့ ရက်တွေအတွက် ရက်အစားပြန်လည်ပေးအပ်မယ်လို့ ကြေညာထားပါတယ်။

ဒီအင်တာနက် ပြတ်တောက်မှုက လူမှူကွန်ရက်ပေါ်မှာ စစ်ကောင်စီထောက်ခံလာသူတွေကို သပိတ်မှောက်တဲ့ကိစ္စ အားကောင်းလာချိန်မှာ ဖြစ်ခဲ့တာကြောင့် စစ်ကောင်စီရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့လည်း ပြည်သူအချို့က သုံးသပ်ပါတယ်။

ဆက်စပ်သတင်းများ