နိုဝင်ဘာ-၇ ၊၂၀၂၅။မိုမို/People’s Spring
စစ်ကောင်စီတပ်တွေ စစ်ရေးလှုပ်ရှားတဲ့သတင်းတွေအရ စစ်တောင်မြစ်ဝှမ်းအတွင်း သွားလာနေတဲ့ စက်လှေတွေကို ရှောင်တခင်စစ်ဆေးမှုပြုလုပ်နေကြောင်း ပဲခူးခရိုင် ပကဖ ဒီကနေ့(နိုဝင်ဘာ၇ရက်) ထုတ်ပြန်ပါတယ်။

အခုနှစ်အောက်တိုဘာစလို့ စစ်တောင်းမြစ်ဝှမ်းမှာ ဖြတ်သန်းမောင်းနှင်လာတဲ့ ကုန်တင်ခရီးသည်တင် စက်လှေ၊ငါးဖမ်းလှေ၊ သဲတင်လှေနဲ့ ဝါးဖောင်တွေကို စစ်ဆေးမှုလုပ်နေတယ်လို့ ဆိုပါတယ်။
ပဲခူးခရိုင်နယ်နမိတ်အတွင်းက စစ်တောင်းမြစ်အတွင်းက လှေတွေအနေနဲ့ ပဲခူးခရိုင် ပကဖ ရဲဘော်တွေရဲ့ စုံစမ်းမေးမြန်းမှုကို ကြည်ဖြူစွာ စစ်ဆေးလက်ခံပေးဖို့လည်း အသိပေးမေတ္တာရပ်ခံထားပါတယ်။

Public Service Announcement
“စုံစမ်းစစ်ဆေးချိန်မှာ ပဲခူးခရိုင် ပကဖ ရဲဘော်တွေကို ငွေကြေးကောက်ခံမှု တစုံတရာ ပေးစရာမလိုပါ”လို့ ပဲခူးခရိုင်ပကဖ တာဝန်ရှိသူက ပြောပါတယ်။
သို့သော် တောင်းခံမှုရှိလာပါက ပဲခူးခရိုင် ပကဖထံ တိုင်ကြားနိုင်ပြီး စုံစမ်းစစ်ဆေးမှု လက်မခံတာနဲ့ မောင်းပြေးတဲ့လှေတွေကို စစ်ကောင်စီ စက်လှေအဖြစ်သတ်မှတ်ပြီး အပြစ်ပေးအရေးယူမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပဲခူးခရိုင်ပကဖ စစ်ကြောင်းက အမှတ်(၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးကွပ်ကဲမှူအတွင်းမှာရှိတဲ့ ဝေါ၊ကဝ၊သနပ္ပင်၊ပဲခူး (အင်းတကော်၊ ဘုရားကြီး၊ပဲခူး) မြို့နယ်မှ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (ပကဖ)တွေကို ပေါင်းစည်းထားပါတယ်။
စစ်တောင်းမြစ်ဝှမ်းထိန်းချုပ်နိုင်ရေးအတွက် တော်လှန်ရေး အင်အားစုတွေနဲ့ စစ်ကောင်စီတပ်တွေ ကြားမှာ စစ်ရေးပြင်ဆင်တာ၊အင်အားတိုးနေတာနဲ့ တိုက်ပွဲတွေလည်း ရှိပါတယ်။
စစ်တောင်းမြစ်ရဲ့အနောက်ဘက်က ရေတာရှည်၊ထန်းတပင် နဲ့ ညောင်လေးပင်မြို့နယ်တွေမှာ ပြီးခဲ့တဲ့လက တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က တပ်ရင်းမှူးအဆင့်ရှိသူတွေအပါအဝင် ၂၀ ဝန်းကျင် သေဆုံးခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့လည်း ထိခိုက် ကျဆုံးခဲ့ပါတယ်။


















































