နိုဝင်ဘာ-၇၊၂၀၂၅။မိထက်/People’s Spring
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာကို ဒီနေ့ (နိုဝင်ဘာ ၇ရက်) နံနက် ၁၁ နာရီခန့်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တချို့အပါအဝင် ဒေသခံ ပြည်သူ ၁၁ဦးသေဆုံးခဲ့တယ်လို့ ကနဦးသတင်းရရှိပါတယ်။
စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ဗုံးကြဲတာဖြစ်ပြီး အရပ်သားပြည်သူတွေရဲ့နေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲတာလို့ ရခိုင်ဒေသခံသတင်းမြစ်က ပြောပါတယ်။
” သတိထားတဲ့ကြားထဲက ဗုံးလာကြဲတာ။ အိမ်တွေ၊ အဆောက်အအုံတွေထိတယ်။ အခုနေ့ခင်းအထိကြားရသလောက် ၁၁ဦးအထိ သေဆုံးတယ်လို့ ရွာကပြောလာတယ်ဗျ။ ဆေးကုနေရသူတွေလည်း ရှိတယ်”လို့ ၎င်းက ပြောပါတယ်။

Public Service Announcement
စစ်ကောင်စီက ယိုးတရုတ်ကျေးရွာကို လေ ကြောင်းကနေ ဗုံးကြဲခဲ့သလို ဘေးပတ်ဝန်းကျင်ရွာအချို့ကိုလည်း စစ်တွေမြို့ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်လို့ ထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လေကြောင်းရော လက်နက်ကြီးရောဆက်တိုက် ပစ်နေတာ။ နေစရာမရှိကြတော့ဘူး။ စိတ်ပူတယ်”လို့ စစ်ဘေးရှောင်နေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးသူတွေ၊ထိခိုက်ဒဏ်ရာရသူတွေနဲ့ပတ်သက်လို့ အသေးစိတ်သတင်း မရရှိသေးပါဘူး။
အာရက္ခတပ်တော်(AA)ကလည်း သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
AAအလုံးစုံထိန်းချုပ်ထားတဲ့ မြို့ရွာတွေကို စစ်ကောင်စီက အောက်တိုဘာ၃၁ရက်မှာ စစ်အုပ်ချုပ်ရေးထပ် ကြေညာပြီး လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြင့်လာပါတယ်။
အောက်တိုဘာ ၃၀ ရက်နဲ့ ၃၁ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့တွင်း တနေရာနဲ့ ယပန်းနီလာကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။ပန်းနီလာကျေးရွာကို ဗုံးကြဲတဲ့ ဖြစ်စဉ်မှာ စစ်ဘေးရှောင်ပြည်သူ ၅ဦး သေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
အောက်တိုဘာ ၂၉ရက်ကနေ ၃၁ရက်အထိ သုံးရက်အတွင်း စစ်ကောင်စီက ကျောက်ဖြူ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ပေါက်တောမြို့နယ် တွေကို လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး၊ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ကလေးငယ်သုံးဦးအပါအဝင် ၁၂ဦးသေဆုံးပြီး ၃၁ဦးဒဏ်ရာရခဲ့တယ်လို့ AAက သတင်းထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီက ရှမ်းမြောက်မှာ MNDAA၊TNLA တို့နဲ့ အပစ်ရပ်ပြီးတဲ့နောက် စစ်ဆင်ရေးနယ်မြေအချို့ကျုံ့သွားခြင်းကို အခွင့်ကောင်းယူပြီး လေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြှင့်လာတယ်လို့ AAက အောက်တိုဘာ ၃၁ရက်မှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုတွေကို သတိပြုကြဖို့ AAက တိုက်တွန်းထားပါတယ်။


















































