အာဏာသိမ်းစစ်ကောင်စီ၏ရန်ကုန်တိုင်းဝန်ကြီးချုပ်က မြန်မာပလာဇာရှိဆိုင်ခန်းများကိုပြန်လည်ဖွင့်လှစ်ရန် ယနေ့ဖိအားပေးခဲ့ကြောင်း ဆိုင်ပိုင်ရှင်များက ပြောသည်။
မြန်မာပလာဇာမှလုံခြုံရေးဝန်ထမ်းများက ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဝိုင်းဝန်းထိုးကြိတ်ကန်ကြောက်မှုအပေါ် ကန်ကွက်သည့်အနေဖြင့်ဆိုင်ပိတ်ကြောင်း ဖေစ်ဘွခ်တွင် တင်ထားသည့် ဆိုင်ရှင်များကို အဆိုပါရေးသားထားသောပို့စ်များကိုပါပြန်ဖြုတ်ရန်နှင့် ဆိုင်ပြန်ဖွင့်ကြောင်းပို့စ်များတင်ပြရန် အကြမ်းဖက်စစ်ကောင်စီ၏ ရန်ကုန်တိုင်းအစိုးရက ခေါ်ယူတွေ့ဆုံပြီး ဖိအားပေးခဲ့ခြင်းဖြစ်သည်။

“သူတို့က ဆိုင်တွေပြန်ဖွင့်ဖို့ရယ်။ဆိုင်ပိတ်ကြောင်းတင်တဲ့ပို့စ်တွေပြန်ဖြုတ်ဖို့ပြောတယ်။ တတ်တဲ့သူနည်းလို့ စစ်ကောင်စီက စိတ်ဆိုးနေတယ်”ဟု ဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။
ဝယ်သူများမလာဘဲ ဆိုင်ခန်းများဖွင့်လှစ်နိုင်မည်မဟုတ်ကြောင်းနှင့် လုံခြုံရေးချထားသည့် အကြမ်းဖက်စစ်သားများနှင့် ရဲများရှိနေပါက ဝယ်သူများမလာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။ထို့ကြောင့် ဝယ်သူမလာဘဲ ဆိုင်ခန်းဖွင့်လှစ်ပါက ကုန်ကျစရိတ်ပို့မိုကုန်ကျ၍ ဖွင့်ရန် စဥ်းစားရမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

Public Service Announcement

ရန်ကုန်တိုင်းဝန်ကြီးချုပ်က မြန်မာပလာဇာရှိဆိုင်ပိုင်ရှင်များ ယနေ့တွေ့ဆုံရန် ယမန်နေ့ကတည်းက ဖိတ်ကြားခဲ့သော်လည်း တက်ရောက်သူ ဆယ်ဂဏန်းသာရှိသည်ဟုသိရသည်။
နိုဝင်ဘာ ၂၅ ရက်ကမြန်မာပလာဇာတွင် ငြိမ်းချမ်းစွာဆန္ဒပြသူများကို လုံခြုံရေးဝန်ထမ်းများ ရိုက်နှိမ်ဖမ်းဆီးပြီးနောက် လူထုက မြန်မာပလာဇာတွင် ဈေးမဝယ်ရန်၊ မသွားရန် သပိတ်မှောက်ခဲ့ကြခြင်းဖြစ်သည်။ထို့ကြောင့် နိုဝင်ဘာ ၂၆ ရက်မှ စ၍ မြန်မာပလာဇာတွင် ဆိုင်များပိတ်ထားကြပြီး သုံးရက်မြောက်နေ့တွင် စစ်ကောင်စီက ဆိုင်များကိုခေါ်ယူဖိအားပေးနေခြင်းဖြစ်သည်။ ပလာဇာက လုပ်ရပ်အတွက် တောင်းပန်ကြောင်းဖေစ်ဘွခ်တွင်ရေးသားခဲ့သော်လည်း ပြည်သူများက သပိတ်မှောက်ခဲ့ခြင်းဖြစ်သည်။
“တော်လှန်ရေး လူငယ်တွေကို ဖမ်းတဲ့ မြန်မာပလာဇာရဲ့ လုပ်ရပ်ကို အပြင်းအထန် ကန့်ကွက် ရှုံ့ချပါတယ်။ မြန်မာပလာဇာက သားသမီးချင်း ကိုယ်ချင်းစာနာခြင်း မရှိဘဲ စစ်ကောင်စီရဲ့ အကြိုက်ကို လုပ်ပြီး အသက်၊ ဘဝတွေ ပေးထားတဲ့ တော်လှန်ရေး လူငယ်တွေကို မတရားဖမ်းဆီး ရိုက်နှက်ခဲ့တာပါ။ အခုလို ပြည်သူက ပေးတဲ့ Boycott လိုမျိုး ပြစ်ဒဏ်ကို ပြန်ခံစားစေချင်ပါတယ်။ တကယ်လို့ ဆိုင်ခန်းတွေက မဖြစ်မနေ ပြန်ဖွင့်ရမယ်ဆိုလည်း ပြည်သူတွေ အနေနဲ့ မသွားကြဖို့ မြန်မာပလာဇာမှာ စျေးမဝယ်ကြဖို့ တိုက်တွန်းလိုပါတယ် ” ဟု ရန်ကုန်မြို့ရှိ LGBT သပိတ်တွင် ပူးပေါင်းပါဝင်ဆန္ဒပြလေ့ရှိသည့် လူငယ်တစ်ဦးက ပြောသည်။
(မြန်မာပလာဇာ၏ လုပ်ရပ်အပေါ် ကန်ကွက်သည့်အနေဖြင့် နိုဝင်ဘာ ၂၆ ရက်မှ စ၍ ဆိုင်များကပိတ်ထားကြသည်)


















































