Connect with us

Hi, what are you looking for?

သတင်း

ချင်းပြည်မှာ စိုးမိုးနယ်မြေပြန်ရဖို့ စစ်တပ်က အင်အားထောင်ချီသုံးကြိုးပမ်းနေဟု ချင်းညီနောင်ပြော

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ စစ်ကောင်စီက စိုးမိုးနယ်မြေတွေ ပြန်လည်ရရှိရေးအတွက် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ကြိုးပမ်းနေကြောင်း ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းယောမာန်က ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ချင်းပြည်ထိုးစစ်ကို ခုခံကာကွယ်နေတဲ့ PDF Zolandရဲ့ ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - PDF Zoland

နိုဝင်ဘာ-၈၊ ၂၀၂၅ ။ထားမြတ်/People’s Spring

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ စစ်ကောင်စီက စိုးမိုးနယ်မြေတွေ ပြန်လည်ရရှိရေးအတွက် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ကြိုးပမ်းနေကြောင်း ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းယောမာန်က ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၈ရက်မှာ ကျင်းပတဲ့ ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလဲန်းတပ်ဖွဲ့ အတွက် ရံပုံငွေ ရှာဖွေရေး လှုပ်ရှားမှုမှာ ဆလိုင်းယောမာန်က ချင်းပြည်စစ်ရေး အခြေအနေတွေကို ထုတ်ဖော်ပြောပြခဲ့တာပါ။

စစ်ကောင်စီဟာ ရှမ်းမြောက်မှာ အပစ်ရပ်စဲပြီးနောက် မြေပြန့်နဲ့ ချင်းပြည်ကို ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုစိုးမိုးနယ်မြေ ပြန်ရဖို့ စစ်ကောင်စီ ကြိုးပမ်းရာမှာ ချင်းပြည်ထက် မြေပြန့်က ပထဝီအနေအထားအရ ထောက်ပို့ပေးနိုင်မှု အနေအထားအရ စစ်ကောင်စီအတွက် ပိုလွယ်ကူနိုင်မယ့်အနေအထားရှိတယ်လို့ ဆလိုင်းယောမာန်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီက ဒီချင်းကို ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စိုးမိုးနယ်မြေပြန်ရယူချင်နေတဲ့အတွက်ကြောင့် ထိုးလာတယ်ပေါ့။ ဒီဘက်ဆိုရင်လည်းတောက်လျှောက်ထိုးစစ်ဆင်နေပါတယ်။ ကျနော်တို့ (မင်းတပ်အပါအဝင် ချင်းတောင်ပိုင်းဒေသ) ဆိုရင်လည်း နှစ်လလောက်ရှိပါပြီ။ တောက်လျှောက် ထောင်နဲ့ချီနီးပါးရှိတဲ့ စစ်ကောင်စီနဲ့ ထိတွေ့မှု ဖြစ်နေပါတယ်” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။

ချင်းတောင်ပိုင်းဒေသ ဦးတည်တဲ့ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကို ခုခံတုံ့ပြန်ရာမှာ မဟာမိတ်အင်အားကောင်းတာ၊ ခံစစ်စည်းကို ရှေ့တိုးနိုင်တာ၊ တော်လှန်ရေးကို နှောက်ယှက်မယ့်အဖွဲ့အစည်းနည်းတာကြောင့် ပြင်ဆင်ချိန်ပိုရပြီး အသက်ရှုပိုချောင်တယ်လို့ ဆလိုင်းယောမာန်က ပြောပါတယ်။ လက်ရှိဟာ တော်လှန်ရေးရေချိန်အရ တနိုင်ငံလုံးအတိုင်းအတာ အရ အခက်အခဲဆုံးအချိန်ဖြစ်ပြီး တနှစ်ကျော်နှစ်နှစ်အတွင်း တောင့်ခံနိုင်ပါက ရုန်းကန်နိုင်ပါက ဒေသတွင်းသာမက တနိုင်ငံလုံးဆိုင်ရာမှာပါ လွတ်လပ်စွာ လုပ်ဆောင်နိုင်မယ့် အခြေအနေရှိတယ်လို့လည်း သူက သုံးသပ်ပါတယ်။

စစ်ကောင်စီဟာ ချင်းမြောက်ပိုင်းကို အသည်းအသန်ပြန်ထိုးနေပြီး အင်အား အလွန်အကျွံသုံးနေတယ်လို့ ပြောပါတယ်။ အောက်တိုဘာ နောက်ဆုံးပတ်မှာ စစ်ကောင်စီဟာ တီးတိန်မြို့ကို ရဟတ်ယာဉ်နဲ့ အကြိမ် ၃၀နီးပါး စစ်အင်အားလက်နက်ခဲယမ်းဖြည့်တင်းနေသလို မြေပြင်ကနေ ထိုးစစ်ဆင်လို့ တိုက်ပွဲတွေ ပြင်းထန်နေတာကိုလည်း သူက ပြောပါတယ်။

“စစ်ကောင်စီက ရှိတဲ့အင်အားထုတ်မှာပဲ။ သူတို့ မလုပ်ရဲတာမရှိဘူး မလုပ်တာမရှိဘူး။” လို့ စစ်ကောင်စီက အင်အားအလုံးအရင်းသုံးပြီး ရက်စက်ယုတ်မာကောက်ကျစ်အောက်တန်းကျတဲ့ နည်းမျိုးစုံ ထုတ်သုံးလာမှာ ဖြစ်တယ်လို့ ဆလိုင်းယောမာန်က ပြောပြပါတယ်။ ဒါကြောင့် စစ်ကောင်စီကို မရမက တွန်းလှန်တော်လှန်ဖို့ နည်းလမ်းပေါင်းစုံရှာရမယ်လို့လည်း သူက ပြောပါတယ်။

အဲဒီလို စစ်ကောင်စီကို ခုခံနေတဲ့ PDF Zoland ဟာ အခက်အခဲများစွာကြားထဲက ရုန်းကန်နေတာဖြစ်လို့ အားလုံး ၀ိုင်းဝန်းပေးဖို့လိုအပ်တယ်လို့လည်း ဆလိုင်းယောမာန်က တိုက်တွန်းပါတယ်။ PDF ဇိုလဲန်းတပ်ဖွဲ့ဟာ တီးတိန်မြို့သိမ်းစစ်ဆင်ရေးအတွက် များစွာ ကြိုတင်ပြင်ဆင်ခဲ့လို့ လက်ရှိ စစ်ကောင်စီရဲ့ အင်အားအလုံးအရင်းထိုးစစ်ဆင်လာမှုကို အကောင်းဆုံး တုန့်ပြန်နိုင်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီကို အထင်ကို အထင်သေးလို့မရဘဲ စစ်ကောင်စီ လေ့လာ အားထုတ်နေတာထက် ပိုအားထုတ် ဖို့လိုအပ်တယ်လို့လည်း တိုက်တွန်းပါတယ်။

PDF ဇိုလဲန်း တာဝန်ရှိသူကလည်း “ချင်းပြည်နယ်မြောက်ပိုင်းဘက်မှာ စကစက ထိုးစစ်က တော်တော်လေးအာရုံစိုက်ပြီး ထိုးနေတဲ့အချိန်ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ကလေးမြို့ဘက်က တီးတိန်ဘက်ကို စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးနေသလို တီးတိန်ဘက်ကလည်းညှပ်ထိုးလာလို့ တီးတိန်ကလာတဲ့ စစ်ကောင်စီတပ်ကိုရင်ဆိုင်တိုက်ခိုက်နေတယ်လို့ PDF ဇိုလဲန်း တာဝန်ရှိသူ ကပြောပါတယ်။

“ခက်ခဲတာ တခုကတော့ စကစက ကျနော်တို့ ပြည်သူတွေကို လူသားဒိုင်းအနေနဲ့ သုံးတဲ့အခါကျတော့ ပြည်သူတွေ ဦးစားပေးပြီး ပြည်သူတွေ မထိခိုက်အောင် လုပ်ရတဲ့ အနေအထားဖြစ်တဲ့အခါကျတော့ စိတ်တိုင်းကျတော့ လုပ်ရတာ နည်းနည်းအခက်အခဲရှိတာပေါ့။” လို့ PDF ဇိုလဲန်း တာဝန်ရှိသူက ပြောပါတယ်။

အောက်တိုဘာ နောက်ဆုံးပတ်နဲ့ နိုဝင်ဘာ ပထမပတ်တိုက်ပွဲတွေမှာ PDF ဇိုလဲန်းရဲ့ ခုခံမှုကြောင့် စစ်ကောင်စီ ၄၀ ဦးခန့် သေဆုံးခဲ့သလို လက်နက်အချို့ သိမ်းရပြီး စစ်သုံ့ပမ်း အချို့ ဖမ်းမိထားဟု ချင်းညီနောင်က အသိပေးထားပါတယ်။ ဒါ့အပြင် စစ်တပ်က လူသားဒိုင်းအဖြစ်ဖမ်းထားတဲ့ ဒေသခံ ၁၄ ဦးကို ကယ်တင်နိုင်ခဲ့ပြီး အဲဒီအထဲက အမျိုးသမီး တဦးကို စစ်ကောင်စီက အဓမ္မပြုကျင့်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။

“ရန်သူ့ဘက်က အထိနာတယ်။ ကိုယ့်ဘက်က ထိခိုက်နစ်နာမှု အနည်းဆုံးနဲ့ ရန်သူ့ဘက်က ထိခိုက်နစ်နာမှု ကြီးကြီးမားမား တော်တော်များများလုပ်နိုင်ခဲ့ပါတယ်” PDF ဇိုလဲန်း တာဝန်ရှိသူက ပြောပါတယ်။

ချင်းညီနောင်တပ်ဖွဲ့က စစ်ကောင်စီရဲ့ ထိုးစစ်ကို ခုခံနေသလို ကလေးမြို့ကနေ တီးတိန်ဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကိုလည်း ချင်းတော်လှန်ရေးအင်အားစုတခုဖြစ်တဲ့ ချင်းပြည်ကောင်စီ တပ်တွေကလည်း ခုခံတိုက်ခိုက်နေလို့ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ချင်းသတင်းရင်းမြစ်တဦးက ပြောထားပါတယ်။

ဆက်စပ်သတင်းများ