နိုဝင်ဘာ-၁၃၊၂၀၂၅။အိမ်သွင်/People’s Spring
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုကို စစ်တပ်က ဒီနေ့(နိုဝင်ဘာ ၁၃ရက်) နေ့ခင်းပိုင်းမှာ လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကလေးငယ်တစ်ဦးနဲ့ ကျောင်းဆရာမတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
လုံးခင်းကျေးရွာအုပ်စုက မားဆားကျေးရွာကို ဖားကန့်ဗျုဟာကနေ နေ့လယ် ၁၂နာရီခွဲခန့်မှာ လက်နက်ကြီးနဲ့ပစ်ခတ်တာ ဖြစ်ပါတယ်။
” ဆရာမကကျတော့ အိမ်ထဲမှာနေရင်း ယမ်းစထိတာ။ သူက ဒဏ်ရာနည်းတယ်။ ကလေးကကျ ဒဏ်ရာများလို့ ဆေးရုံကိုပို့လိုက်ရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။။

Public Service Announcement
ဖားကန့်ဒေသမှာ နိုဝင်ဘာ၆ရက်ကစပြီး စစ်ရေးတင်းမာပြီးနောက် စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတာတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
နိုဝင်ဘာ ၁၁ရက်ကလည်း ဖားကန့်မြို့၊ ကထန်ကွက်သစ်ကို လေကြောင်းကနေ ဗုံးကြဲလို့ မိခင်တစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။နိုဝင်ဘာ ၈ရက်ကလည်း လက်နက်ကြီးနဲ့ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။
ဖားကန့်ဒေသ မှော်စီစာလမ်းဆုံမှာ နိုဝင်ဘာ ၁၀ရက်မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်က မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးကျော်သေဆုံးသလို ပွိုင့်ဖိုက်အပါအဝင် သေနတ်နဲ့ကျည်ဆန်တွေကို KIA ၊KPDFက သိမ်းယူနိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
လက်ရှိစစ်ရေးအခြေအနေကြောင့် လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်ကို KIA ၊KPDFက သတိပေးထားပါတယ်။
စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ ၁၂ရက်နဲ့ ဒီနေ့မှာ ဖားကန့်ဒေသအပြင် မန္တလေးတိုင်းက စဥ့်ကူးမြို့နယ်၊ မကွေးတိုင်းက မြိုင်နဲ့ ပေါက်မြို့နယ်တို့ကို လေကြောင်းကနေ ဗုံးကြဲသလို လက်နက်ကြီးနဲ့လည်း ပစ်ခတ်လို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။
စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်နေတယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ Kachin Human Rights Watch-KHRW က ထုတ်ပြန်ထားပါတယ်။



















































