နိုဝင်ဘာ – ၁၉ ၊၂၀၂၅ ၊ နိုင်ပကောင်း /People’s Spring
ကျားဖြန့်အရေးနဲ့ပတ်သက်ပြီးမြဝတီမြို့မှာနိုဝင်ဘာလ ၁၇ ရက်က စစ်ကောင်စီတပ်နဲ့ ကရင့်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်ပိုင်းတွေ တွေ့ဆုံဆွေးနွေးရာမှာ အဆင်မပြေ ဖြစ်ခဲ့တယ်လို့ BGF နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ထံကသိရပါတယ်။
စစ်ကောင်စီတပ်ဘက်ကတာဝန်ရှိသူတွေနဲ့ BGF ခေါင်းဆောင်စောချစ်သူ၊ စောမို့သိုတို့က မြ၀တီမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
ရွှေကုက္ကိုမြို့သစ်ထဲ ဝင်ရောက်စစ်ဆေးတာနဲ့ ပတ်သက်ပြီး မြို့ကို ထိန်းချုပ်ထားတဲ့ BGF ခေါင်းဆောင် စောချစ်သူက မကျေမနပ်ဖြစ်နေတယ်လို့ BGF နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

Public Service Announcement
အဲဒီနောက် မနေ့ (နိုဝင်ဘာ ၁၈ ရက်)က ရွှေကုက္ကိုလ် စီးနင်းမှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ BGF ဘက်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးနိုင်မောင်ဇော်နဲ့ စောချစ်သူရဲ့သားငယ် စောချစ်ချစ်သာ တို့သာဦးဆောင်ပါဝင်တာတွေ့ရပါတယ်။
မနေ့က စီးနင်းမှုကတော့ ရွှေကုက္ကိုမြို့ထဲက ကျားဖြန့်လုပ်ဆောင်နေတဲ့ လုပ်ငန်းခွင်တချို့ကို အယောင်ပြ စစ်ဆေးတာလို့ ဝေဖန်ခံနေရပါတယ်။
ကျားဖြန့်လုပ်ငန်းသုံး ကွန်ပြူတာတွေ ၊ ဖုန်းတွေ နဲ့အတူ တရုတ်နိုင်ငံသားအများစုအပါအဝင် နိုင်ငံခြားသားတွေကို ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ နိုဝင်ဘာ ၁၉ ရက်နေ့ ထုတ်ပြန်ထားချက်အရ ရွှေကုက္ကိုမြို့သစ်ထဲ ဝင်ရောက်စစ်ဆေးမှုအတွင်း အွန်လိုင်းလောင်းကစားမှုမှာ အသုံးပြုနေတဲ့ ဖုန်းအလုံးရေ ၁၀,၀၀၀ နီးပါး၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ နိုင်ငံခြားသား အယောက် ၃၄၆ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြပါတယ်။
စစ်တပ်နဲ့ BGF တို့ရဲ့ ပူးပေါင်းစစ်ဆေးမှုတွေဟာ ဟန်ပြလောက်သာဖြစ်ပြီး ရွှေကုက္ကိုမြို့ထဲက တချို့ ကျားဖြန့်တရုတ်ဆိုက်ထဲမှာတော့ အလုပ် သမားတွေကို အပြင်ထွက်ခွင့်မပြုဘူးလို့ သတင်းရင်းမြစ်တချို့က ဆိုပါတယ်။
BGF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး နိုင်မောင်ဇော်ရဲ့ ပြောဆိုချက်အရ ရွှေကုက္ကိုလ် တဝိုက်မှာ ကျားဖြန့် လုပ်သားအင်အား နှစ်ထောင်ဝန်းကျင်ရှိနေတယ်လို့သိရပါတယ်။
ကျားဖြန့်ကိုလည်း ဒီတစ်ခေါက်မှာ အပြတ်ရှင်းမယ်လို့ စီးနင်းမှုမတိုင်ခင်တစ်ရက်မှာ ဗိုလ်မှုးကြီးနိုင်မောင်ဇော်က ကြွေးကြော်ထားပါတယ်။
ဒါပေမယ့် ကရင်နယ်ခြားစောင့်တပ်(BGF) အမှတ်(၂)စစ်ဒေသဌာနချုပ်ဖြစ်တဲ့ မြ၀တီမြို့နယ် မြောက်ဘက်ပိုင်းက သေ့ကတေစံပြကျေးရွာထဲကို ကျားဖြန့်လုပ်နေတဲ့ KK Park က တရုတ်သူဌေးတွေကို BGF က ခေါ်ဆောင်ထားတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
BGF အမှတ်(၂)စစ်ဒေသမှူး ဗိုလ်မှူးချုပ်စောတင်ဝင်း ထိန်းချုပ်တဲ့ သေ့ကတေစံပြကျေးရွာထဲမှာအဆောက်အဦးအသစ်တချို့တဝက် တည်ဆောက်ပြီးစီးပြီဖြစ်ပြီး လိုအပ်တဲ့ဆောက်လုပ်ရေးပစ္စည်းတွေကို ရွှေကုက္ကိုမြို့ကနေ တပ်နယ်(၂)တံဆိပ်ပါတဲ့ ယာဉ်တွေနဲ့ သယ်ယူပို့ဆောင်လာတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကစတင်ပြီး BGF ဗိုလ်မှုးချုပ် စောတင်ဝင်း ထိန်းချုပ်နယ်မြေထဲက KK Park ကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။
KK Park ကို ဝင်ရောက်ဖျက်ဆီးတာနဲ့ပတ်သက်ပြီး ဗိုလ်မှူးချုပ်စောတင်ဝင်းက မတတ်သာလို့သာ ခွင့်ပြုပေးခဲ့ရတာဖြစ်ပြီး စစ်တပ်ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ မကျေနပ်ဘူးလို့ ကရင်သတင်းရင်းမြစ်ကပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် က စစ်ကောင်စီက ကျင်းပခဲ့တဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားမှာ စောချစ်သူ၊ စောမို့သိုတို့ တက်ရောက်ခဲ့ပေမယ့် စောတင်ဝင်းကတော့ တက်ရောက် တာမရှိခဲ့ပါဘူး။
KK Park မှာတရုတ်နိုင်ငံသားနည်းပြီး မြန်မာနိုင်ငံသားတွေ ပိုများကာ ဆက်လက်မလုပ်ဆောင်ဖို့ စစ်တပ်က ဖိအားပေးခဲ့တာကြောင့် အဲဒီသူတွေကို နေရပ်ပြန်ခိုင်းလိုက်တယ်လို့ စောတင်ဝင်းက ဒေသတွင်း သတင်းဌာန KIC ကို ဖြေကြားထားတာရှိပါတယ်။
စောတင်ဝင်းဟာ ကျားဖြန့် လုပ်ငန်းတွေ ဆက်စပ်တယ်ဆိုပြီး အမေရိကန်အစိုးရ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးဌာန (OFAC) ရဲ့ ပြီးခဲ့တဲ့ စက်တင် ဘာလအတွင်း ပိတ်ဆို့အရေးယူတာကိုခံထားရသူပါ။
ကျားဖြန့်နှိမ်နင်းရေးနဲ့ပတ်သက်ပြီး သဘာထားမှတ်ချက်ရဖို့ BGF ဗိုလ်မှုးချုပ်စောတင်ဝင်းနဲ့ ဗိုလ်မှုးကြီး နိုင်မောင်ဇော်တို့ဆီ ဖုန်းနဲ့ ဆက်သွယ်ပေမယ့်အဆက်အသွယ်မရခဲ့ပါဘူး။
ကရင်နယ်ခြားစောင့်တပ်(BGF)က ရွှေကုက္ကိုမှာ ကျားဖြန့်နှိမ်နင်းဖို့အတွက်ဆိုပြီး ဒီနှစ်အစပိုင်းကအထူး အဖွဲ့တွေဖွဲ့ထားပေမယ့် ကျားဖြန့်လုပ်ငန်းတွေ ပပျောက်သွားတာမရှိဘူးလို့ ရွှေကုက္ကိုသတင်းရင်းမြစ်တွေက ဆိုပါတယ်။
မြ၀တီမြို့တောင်ဘက်က BGF ထိန်းချုပ်ထားတဲ့ မယ်ထော်သလေးရွာအနီးက နာမည်ဆိုးနဲ့ကျော်ကြားတဲ့ KK Park ကျားဖြန့်ဝင်းထဲကို ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး စစ်ကောင်စီတပ်က စီးနင်းရာမှာ KK Park ထဲက တရုတ်အပါအဝင် နိုင်ငံခြားသားတွေနဲ့ မြန်မာနိုင်ငံသားတွေဟာ ထွက်ပြေးခဲ့ကြပါတယ်။






















































