နိုဝင်ဘာ-၁၉၊၂၀၂၅။ဇော်ရမ်း/People’s Spring
ကချင်ပြည်နယ်၊ လိုင်ဇာမြို့က ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဌာနချုပ် ဗိုလ်သင်တန်းကျောင်းကိုလွန်ခဲ့တဲ့ ၁၁နှစ်က စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ပစ်လို့ ကျဆုံးခဲ့တဲ့ အာရက္ခတပ်တော်(AA) ဗိုလ်လောင်းရှစ် ဦးအပါအဝင် ဗိုလ်လောင်း ၂၃ဦးအတွက် အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်ပြီး မည်သည့်အခါမှ မေ့ပျောက်မည်မဟုတ်ကြောင်း AA က ယနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
KIA ဌာနချုပ်ရှိ ဝေကြိုင်ဘွမ် ဗိုလ်သင်တန်းကျောင်းကို ပြီးခဲ့တဲ့ ၂၀၁၄ နိုဝင်ဘာလ ၁၉ရက်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အာရက္ခတပ်တော်က ဗိုလ်လောင်းရှစ်ဦးနဲ့ကျန် တိုင်းရင်းသားအဖွဲ့များမှ ဗိုလ်လောင်း ၁၅ ဦး၊ စုစုပေါင်း ၂၃ဦး ကျဆုံးခဲ့တာပါ။
ကျဆုံးသူတွေကို ဘယ်သောအခါမှ မမေ့ကြောင်းကို “၁၉/၁၁ – ဇာခါလေ့သင့် မမိပါ”လို့ ရခိုင်တိုင်းရင်းသားဘာသာစကားနဲ့ AAက ဖော်ပြထားပါတယ်။

Public Service Announcement
ထိုဖြစ်ရပ်ဟာ ဒီနေ့ (နိုဝင်ဘာလ ၁၉ရက်)မှာ ၁၁ နှစ်ပြည့်တာပါ။နှစ်စဉ် အောက်မေ့ဖွယ်အခမ်းအနားကို စစ်ရေးနိုင်ငံရေးအခြေအနေပေါ်မူတည်ပြီး ပြုလုပ်ခဲ့သလို အခုနှစ်တွင်လည်း အကျဉ်းချုံးပြီး ပြုလုပ်ခဲ့တယ်လို့ AAက ထုတ်ပြန်ထားပါတယ်။
AAဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ရက်ကစပြီး ရခိုင်ပြည်နယ်မှာမြို့သိမ်းတိုက်ပွဲတွေတိုက်ခိုက်ခဲ့ပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်က စစ်တွေ၊မာန်အောင်၊ ကျောက်ဖြူမြို့နယ်တွေကလွဲလို့ ကျန်မြို့နယ်တွေအားလုံးကို သိမ်းယူထားပါတယ်။ မြို့သိမ်းတိုက်ပွဲတွေ ဆက်လက်တိုက်ခိုက်သွားမယ်လို့ တရားဝင်ထုတ်ဖော်ပြောကြားထားပြီး လက်ရှိမှာ ကျောက်ဖြူမြို့မှာလည်း တိုက်ပွဲတွေပြင်းထန်နေပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်းနဲ့ နယ်စပ်ဖြစ်တဲ့ သာပေါင်းနဲ့ လေးမျက်နှာမြို့နယ်၊ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ထဲက ကပစ(၁၆)အနီး၊ညောင်ကျိုးကျေးရွာမှ လေလာတောင်ပတ်ဝန်းကျင်၊ မကွေးတိုင်းငဖဲမြို့နယ်မှ နတ်ရေကန်ဗျူဟာကုန်းတွေမှာလည်း တိုက်ပွဲတွေပြင်းထန်နေပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မြို့၊ ရွာတွေက အရပ်သားပြည်သူတွေကိုပစ်မှတ်ထားပြီး တိုက်ခိုက်နေလို့ လုံခြုံရေးသတိပြုကြဖို့ လေကြောင်း၊ ရေကြောင်း၊လက်နက်ကြီးရန်နဲ့ပတ်သက်တဲ့ အရေးပေါ် သတိပေးချက်ကို AA က ထုတ်ပြန်ထားပါတယ်
AAဟာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အနက် MNDAAနဲ့ TNLAလို စစ်ကောင်စီနဲ့ အပစ်ရပ်မဆွေးနွေးဘဲ စစ်မျက်နှာအများအပြားမှာ တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။




















































