နိုဝင်ဘာ-၂၁၊၂၀၂၅။ဇော်ဝင်း/People’s Spring
စစ်ကိုင်းတိုင်း ၊ဗန်းမောက်မြို့အတွင်းကို စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ်(SNA)တို့က လေကြောင်းပစ်ကူနဲ့ ဝင်ရောက်ဖို့ကြိုးစားပေမယ့်ထိခိုက်သေဆုံးမှုတွေများနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့ရဲဘော်အချို့က ပြောပါတယ်။
နိုဝင်ဘာ ၁၇ရက်က မြို့အနီးက နယ်စပ်ဒေသနဲ့တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတတ်ရေး သင်တန်းကျောင်း(နတလ)ကုန်းကို စစ်အုပ်စုက ပြန်ရပြီးနောက်ပိုင်း တိုက်ပွဲတွေ နေ့စဥ်နီးပါးဖြစ်နေတာလို့ ဆိုပါတယ်။
“နတလကုန်းကနေ မြို့ဘက်ကို ဆက်တိုးနေတာ။ကြားမှာက သတ်ကွင်းပဲ ။အဲဒါကြောင့် နေ့တိုင်း လေယာဥ်နဲ့ လာပစ်ကူရတယ်။တခါလာရင် အလုံး ၃၀လောက်ရှိတယ်ကြဲတာ။ဒါပေမယ့် မရဘူး”လို့ ဗန်းမောက်မြို့စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် စစ်အုပ်စု ထိခိုက်မှုတွေများပြီး နတလ ကုန်းဘက်ကို နေ့စဥ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
“မြို့ထဲမရောက်သေးဘူး။သူတို့ မဖောက်နိုင်ပါဘူး”လို့ ၎င်းက ပြောပါတယ်။
အခုနိုဝင်ဘာအတွင်း ဗန်းမောက်မြို့တိုက်ပွဲတွေမှာ စစ်အုပ်စုတပ်ထံက အသေခံဒရုန်းတွေရရှိပြီး အလင်းဝင်လာတဲ့ SNAအဖွဲ့ဝင်တချို့ပါ ရှိတယ်လို့ သိရပါတယ်။
မြို့အနောက်ဘက်ခြမ်းကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်က အင်အား ၅၀၀ဝန်းကျင်ရှိပြီး စစ်ကိုင်းအခြေစိုက် တပ်မ(၃၃)လက်အောက်ခံတပ်ရင်းအချို့အားဖြည့်ထားတဲ့အပြင် အရင်မြို့နယ်အတွင်း တပ်စွဲခဲ့တဲ့ တပ်မ(၇၇) လက်အောက်ခံတပ်ရင်းတွေလည်း ပါဝင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့က ပြောထားပါတယ်။
ဗန်းမောက်မြို့ကို အမှတ်(၁)စစ်ဒေသကွပ်ကဲမှုနဲ့ တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့ လွန်ခဲ့တဲ့ စက်တင်ဘာ ၂၀ရက်က သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။လက်ရှိ စစ်ဆင်ရေးလုပ်ငန်းတွေ အတွက် ဗန်းမောက်မြို့မှာ ညမထွက်ရအမိန့်ကို တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။


















































