နိုဝင်ဘာ-၂၇၊၂၀၂၅။နေ့သစ်/People’s Spring
မြန်မာ-ထိုင်းနယ်စပ် မြ၀တီမြို့နယ်၊ ဖလူး(မင်းလက်ပံ)ဒေသမှာDKBA(ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်)ရဲ့အကာအကွယ်အောက် လည်ပတ်နေတဲ့ကျားဖြန့်လုပ်ငန်းတွေကို ကရင်အမျိုးသားအစည်းအရုံး(KNU) ကဖမ်းဆီးပြီးနောက်ကျားဖြန့်လုပ်ကိုင်သူ ရာပေါင်းများစွာဟာသောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံထဲ ဝင်ဖို့ကြိုးစားတာကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက ဝင်ခွင့်မပြုတဲ့အတွက်ရာပေါင်းများစွာသောင်းရင်မြစ်ကမ်းတလျှောက်သောင်ပြင်မှာပိတ်မိနေကြပါတယ်။
ထိုင်းနိုင်ငံထဲဝင်ခွင့်မရသေးတဲ့ နိုင်ငံစုံကကျားဖြန့်လုပ်ငန်းတွေမှာလုပ်ကိုင်ခဲ့တဲ့သူတွေဟာ ရာသီအေးလှတာကြောင့်နိုဝင်ဘာ၂၆ ရက်ညမှာသောင်ရင်းမြစ် သောင်ပြင်မှာ မီးလှုံနေကြတာကိုထိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်တဦးက ရိုက်ကူးထားတဲ့မှတ်တမ်းဓါတ်ပုံတွေဖြစ်ပါတယ်။
နိုဝင်ဘာ ၂၆ ရက်မှာ ကျားဖြန့်လုပ်ငန်းတွေမှာလုပ်ကိုင်ခဲ့သူ ၇၀၀ ကျော် ထိုင်းနိုင်ငံနယ်စပ်ထဲဝင်ရောက်လာပြီး မင်းလက်ပံဒေသမှာတိုက်ပွဲတွေထပ်ဖြစ်နေလို့ ထပ်ပြေးလာတဲ့သူရာပေါင်းများစွာထပ်ရှိနေတယ်လို့သူက ရေးထားပါတယ်။ KNU ကဝင်ရောက်ဖမ်းဆီးထားတဲ့ ကျားဖြန့်လုပ်ငန်းတွေအနီးကို နိုဝင်ဘာ ၂၆ ရက်မှာစစ်တပ်က ဗုံးကြဲခဲ့သေးတယ်လို့သတင်းရရှိပါတယ်။

Public Service Announcement
ဒါပေမယ့် တော်လှန်ရေးအဖွဲ့တွေ ၊ကျားဖြန့်လုပ်သူတေတော့ထိခိုက်မှုမရှိဘူးလို့ ဒေသခံသတင်းရင်းမြစ်အချို့ကပြောပါတယ်။
စစ်တပ်ကနိုဝင်ဘာ ၂၁ရက်မှာ မင်းလက်ပံဒေသ(ဖလူး)ကို နယ်မြေစိုးမိုးရေး အင်အားသုံးထိုးစစ်ဆင်လာလို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲမှာ DKBA ဗိုလ်မှူးကြီး နိုင်လွင်ဦးဆောင်တဲ့ တပ်ဖွဲ့က စစ်တပ်နဲ့ ပူးပေါင်းပြီး KNU တပ်ဖွဲ့ကိုစ တိုက်ခိုက်ခဲ့တယ်လို့ KNUကထုတ်ပြန်ပါတယ်။ ဗိုလ်မှူးကြီးနိုင်လွင်ကို DKBA ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ စိုင်းကျော်လှက တိုက်ရိုက်ကွပ်ကဲတာလို့ သိရကြောင်း အသိပေးပြီးစိုင်းကျော်လှဆိုတာဟာလည်းနိုဝင်ဘာ၁၂ ရက်မှာနိုင်ငံတကာရာဇဝတ်မှုနဲ့ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်လို့ ဆိုပြီး အမေရိကန်ဘဏ္ဍာရေးဌာနက ပိတ်ဆို့အရေး ယူမှုပြုလုပ်ခဲ့တဲ့ DKBA ခေါင်းဆောင်(၄)ဦးထဲက တဦးဖြစ်ကြောင်း ဖော်ပြထားပါတယ်။
KNU ကို ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့ DKBA တပ်ဖွဲ့တွေ တပ်စွဲရာနေရာကို ရှင်းလင်းရာမှာDKBA တပ်ဖွဲ့ဝင် အနည်းဆုံး ၂၃ဝ ဦးလက်နက်ချပြီး သူတို့ အခြေချစခန်းကိုသိမ်းပိုက်နိုင်ခဲ့ရာမှငွေလိမ်လုပ်ငန်းလုပ်ကိုင်ရာခြံဝန်းကိုဖမ်းမိခဲ့တာလို့ဆိုပါတယ်။
DKBA တပ်ဖွဲ့တပ်စွဲထားတဲ့ နေရာဟာ နိုင်ငံပေါင်းစုံမှ ထောင်ချီသောလူများကို ဂိတ်အထပ်ထပ်ပိတ်၍ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ဆောင်ရွက်နေသော ခြံဝင်းဖြစ်နေကြောင်းတွေ့ရှိခဲ့လို့အဲဒီ ခြံဝင်းပတ်လည်မှာ ခွင့်ပြုချက်မရှိဘဲ သွားလာမှုကို ကန့်သတ်တာ၊ ရာဇဝတ်မှုလုပ်ငန်းတွေမှာပါဝင်သူတွေ ထွက်ပြေးခြင်းမရှိစေဖို့ လုံခြုံရေးချမှတ်တာ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
DKBA လုံခြံရေးယူပေးထားတဲ့ခြံဝန်းအတွင်း လေးထပ်အဆောက်အအုံ ၂ လုံး ၊ဆေးရုံ ၁ ရုံ ၊လူနေအိမ်အဆောက်အအုံများ အပါအဝင်ကွန်ကရစ်အဆောက်အအုံ ၂၀ ခန့်တွေ့ခဲ့ပါတယ်။ လူဦးရေ ၂၀၀၀ ခန့်ရှိပြီး တရုတ် ၊အီသီယိုးပီးယား ၊ရဝမ်ဒါ၊အီဂျစ် ၊ထိုင်း၊ လာအို ၊ဖိလစ်ပိုင် ၊မလေးရှား၊ထိုင်ဝမ် ၊ဟောင်ကောင်၊ ဘဂ်လားဒေရှ် စတဲ့နိုင်ငံတွေကဖြစ်တယ်လို့သိရပါတယ်။နိုဝင်ဘာ ၂၃ နဲ့ ၂၄ နှစ်ရက်မှာပဲ ကွန်ပျူတာအလုံးပေါင်း ၁၅၀၀ မှ ၂၀၀၀ အတွင်းနဲ့မိုဘိုင်းဖုန်း ၁၀,၀၀၀ကိုသိမ်းဆည်းနိုင်ခဲ့တယ်လို့သိရပါတယ်။
နိုဝင်ဘာ၂၂ရက်မှာ KNUကပိတ်မိသူတွေကိုဘေးကင်းရာပို့ဆောင်ဖို့နဲ့အွန်လိုင်း ငွေလိမ်လည်မှုလုပ်ငန်းတွေ ကွင်းဆက်အကဲဖြတ်ဖို့ မြေပြင်အကဲဖြတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ သက်ဆိုင်ရာ ထိုင်းနဲ့ နိုင်ငံတကာအာဏာပိုင်တွေ၊ အေဂျင်စီတွေဆီကို ချက်ချင်းအကြောင်းကြားခဲ့ပြီး ဖြစ်ရပ်ကို စနစ်တကျကိုင်တွယ်ဖြေရှင်းဖို့လမ်းညွှန်မှုရရှိဖို့ တိုင်ပင်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြောင်းအသိပေးပါတယ်။
အဲဒီလိုတိုင်ပင်ဆွေးနွေးတာတွေပြုလုပ်ပြီး ခြံဝင်းမှာပိတ်မိနေသူတွေကို ခွဲခြားသတ်မှတ်တာ၊ကာကွယ်စောင့်ရှောက်တာနဲ့ ဘေးကင်းစွာနေရပ်ပြန်ပို့တာအပြင်သက်သေအထောက်အထားများ စုဆောင်းခြင်းဆိုင်ရာ အကြံဉာဏ်များ တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။
“KNU ၏ စိုးရိမ်မှုများနှင့် လေးနက်မြန်ဆန်သော နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို အရေးတကြီး တောင်းဆိုချက် အခြေအနေသည် လျင်မြန်စွာပြောင်းလဲနေပြီး KNU မြေပြင်အဖွဲ့နှင့် အဆောက်အဦအတွင်း ပိတ်မိနေသော နိုင်ငံ များစွာမှ နိုင်ငံသားများအတွက် အသက်အန္တရာယ် စိုးရိမ်ရမှုများ အချိန်နှင့်အမျှ တိုးပွားလာနေသည်။ ဤမျှကြီးမားသော အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းကို ထိရောက်အောင်မြင်စွာ ကိုင်တွယ်ဆောင်ရွက်နိုင်ရန် နိုင်ငံတကာမှ လေးနက်မြန်ဆန်စွာ ပူးပေါင်းဆောင်ရွက်ပေးရန် KNU မှ အလေးအနက် တိုက်တွန်းတောင်းဆိုပါသည်” လို့ KNUက ထုတ်ပြန်ပါတယ်။
ဓါတ်ပုံ – Addy

























































