နိုဝင်ဘာ-၃၀၊၂၀၂၅။People’s Spring
မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်တပ်က ဦးစီးပြီး လုပ်မယ်ဆိုတဲ့ရွေးကောက်ပွဲဟာ လွတ်လပ်မှု၊ တရားမျှတမှု ကင်းမဲ့ရုံသာ မကဘဲ ဒေသတွင်းမတည်ငြိမ်မှုတွေနဲ့ ဖိနှိပ်မှုတွေကို ပိုဆိုးရွားသွားစေလိမ့်မယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အရာရှိတွေက သတိပေး ပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာ၂၈ ရက်နေ့ကစပြီး အသုတ်လိုက်ကျင်းပမယ်လို့ စစ်တပ်က ကြေညာထားတဲ့ ရွေးကောက်ပွဲဟာ အန္တရာယ်များပြီး ဒီမိုကရေစီ စံနှုန်းတွေ ကင်းမဲ့နေသလို လူထုအပေါ် ဖိနှိပ်မှုတွေကိုပါ ပိုဆိုးရွားသွားစေနိုင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဂျရမီ လောရင့်စ်က ထောက်ပြခဲ့ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အခါ လောရင့်စ် မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲဆိုတာ ခြိမ်းခြောက်မှုတွေ၊ အကြမ်းဖက် ရန်လိုမှုတွေနဲ့ ပြည့်နေတယ်လို့ ဝေဖန်သွားခဲ့ပါတယ်။ သူက၂၀၂၁ခုနှစ်မှာ စစ်တပ်က မတရား အာဏာသိမ်းခဲ့တဲ့အပြင် နိုင်ငံရေး အကျဉ်းသား ၃၀,၀၀၀လောက်ကို ဖမ်းဆီးထားခဲ့ပြီးအဓိက နိုင်ငံရေး ပါတီတွေကိုလည်း တားမြစ်ပိတ်ပင်ပြီး အခုရွေးကောက်ပွဲကို ကျင်းပဖို့ စီစဉ်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

Public Service Announcement
ဒီတော့ စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံကို ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပန်းတိုင်ဆီ ဆောင်ကြဉ်းသွားမယ့်အစား မလုံခြုံမှုတွေ၊ အကြောက်တရားတွေနဲ့ သွေးကွဲမှုတွေ တိုးလာမယ့် အခြေအနေမျိုးဆီ ကျိန်းသေပေါက် တွန်းပို့လိမ့်မယ်လို့ လောရင့်စ်က သတိပေးသွားပါတယ်။
တကယ်တမ်းမြန်မာနိုင်ငံမှာဦးစားပေးရမယ့်ကိစ္စက ရန်လို တိုက်ခိုက်နေမှုတွေကို အဆုံးသတ်ပြီး လူသားချင်း စာနာမှု အထောက်အပံ့တွေ ပြန်လည် ဝင်ရောက်ခွင့်ရရေး ဖြစ်တယ်လို့ သူက ထောက်ပြသွားပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ရှိနေတဲ့ OHCHRရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနခွဲ အကြီးအကဲ ဂျိမ်းစ်ရုဒ်ဟာဗာကတော့ မြန်မာ ပြည်သူတွေဟာ စစ်တပ်က အဓမ္မ မဲပေးဖို့ စေခိုင်းတာတွေနဲ့တော်လှန်ရေး အင်အားစုတွေက မဲမပေးဖို့ တားမြစ်တာတွေကြောင့် ကြားညပ်သလို ဖြစ်နေတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
နောက်ပြီး ဆူပူအောင် လှုံ့ဆော်မှုတွေနဲ့ စွပ်စွဲ ဖမ်းဆီးထားသူ ၄၀၀၀ လောက်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်ကြောင်း စစ်တပ်က ကြေညာပေမယ့် အဲဒီ ကိန်းဂဏန်းဟာ လက်တွေ့နဲ့ ကိုက်ညီမှု မရှိဘူးလို့လည်း ရုဒ်ဟာဗာက ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေကနေ ထွက်လာခွင့်ရသူ ၅၅၀ လောက်သာရှိပြီး အဲဒီထဲက တချို့ဟာ ထောင်ဘူးဝမှာတင် နောက်ထပ် စွဲချက်တွေနဲ့ ပြန်အဖမ်းခံခဲ့ရတယ်လို့ သူက ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ စစ်တပ်ဟာ ရွေးကောက်ပွဲကို နှောင့်ယှက်မှုတွေကနေ အကာအကွယ်ပေးဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အသစ်ပြဋ္ဌာန်းထားတဲ့ ဥပဒေကို အသုံးချပြီး လူပေါင်း ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ဖြစ်ကြောင်း သူက ထောက်ပြသွားပါတယ်။
ကျည်ဆန်ရာတစ်ခုနဲ့ မဲပုံးကို ကိုင်ဆောင် ဆန္ဒပြမိခဲ့လို့ လူငယ် ၃ ဦးဟာ ထောင်ဒဏ် ၄၉ နှစ် ချမှတ်တာ ခံခဲ့ရကြောင်းယုံကြည်ရလောက်တဲ့ အထောက်အထားတွေကို OHCHRက ရရှိထားတယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လူသားချင်း စာနာမှုရေးရာ အခြေအနေတွေကလည်း ဆိုးသထက် ဆိုးလာနေကြောင်း၊ စစ်တပ်ဟာ နေရပ်ပြန်ဖို့ ဘယ်လိုမှ မလုံခြုံသေးတဲ့ စစ်ရှောင်တွေကို အတင်းအကျပ် ပြန်ခိုင်းပြီး မဲပေးစေဖို့ စီစဉ်နေကြောင်း၊ တစ်ဖက်မှာတော့ စစ်တပ်ဟာ စစ်ရေး ပဋိပက္ခ နယ်မြေတွေဆီ လူသားချင်း စာနာမှု အကူအညီတွေ မရောက်ရှိနိုင်အောင် ပိတ်ဆို့ထားဆဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ လုံးဝ အဖမ်းမခံရသင့်တဲ့ အခြေအနေမျိုးနဲ့ ဖမ်းဆီးခံရသူ ၂၃၀၀၀ ဝန်းကျင်လောက် ဆက်ပြီး မတရား ချုပ်နှောင် ခံထားရဆဲဖြစ်ကြောင်းရုဒ်ဟာဗာက ပြောကြားသွားပါတယ်။
ကုလသမဂ္ဂရဲ့မြန်မာ့လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ကလည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံဆီ နောက်ဆုံး တင်ပြခဲ့တဲ့ အစီရင်ခံစာမှာ အဲဒီ ရွေးကောက်ပွဲဟာ စစ်တပ်ရဲ့ အာဏာကို ခိုင်မာအောင်၊ တရားဝင်အောင် လှည့်စားထားတဲ့ အတုအယောင် တစ်ခုသာ ဖြစ်တယ်လို့ သတိပေးထားခဲ့ပါတယ်။ သူက စစ်ကောင်စီ အလိုကျ စိတ်တိုင်းကျ ခြယ်လှယ် ဖန်တီးထားတဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာက အပြင်းအထန် ရှုတ်ချပြီး ကန့်ကွက်ဖို့ တောင်းဆိုထားပါတယ်။
နိုင်ငံတော် အကြီးအကဲ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ မတရား ဖမ်းဆီးခံထားရဆဲ ဖြစ်သလို အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကျော်လောက်လည်း ဖျက်သိမ်း ခံထားရတာက အဲဒီရွေးကောက်ပွဲရဲ့ယုံကြည်စရာ ကင်းမဲ့မှုကို ထင်ဟပ်စေတယ်လို့ အန်ဒရူးစ်က ပြောပါတယ်။
စစ်တပ် အလိုကျ လုပ်ဆောင်မယ့် ရွေးကောက်ပွဲဆိုတာ သွေးကွဲမှုတွေကို ပိုနက်ရှိုင်းစေပြီး ကြမ်းတမ်းရန်လိုမှုတွေကိုပဲ မီးလောင်ရာလေပင့် ဖြစ်စေလိမ့်မယ်လို့ သူက သတိပေးသွားပါတယ်။
ကိုးကား-UN


















































