” စစ်ကြောင်းတွေက ပြန်ဆုတ်သွားတာလား၊ မိုးမိတ်ဘက်ကို ဆက်သွားတာလား၊ မိုးမိတ်ဘက်ကို ဝင်သွားတာတော့ မကြားရဘူး” – ဗိုလ်မှူးကြီးနော်ဘူ
ဒီဇင်ဘာ ၁၊ ၂၀၂၅။ ဆန်အောင်/People’s Spring
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ နိုဝင်ဘာ ၃၀ရက်ညပိုင်းက မိုးမိတ်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIAသတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပါတယ်။
နိုဝင်ဘာ ၃၀ရက်ည ၈နာရီ ဝန်းကျင်လောက်မှာ မိုးကုတ်မြို့ကနေ မိုးမိတ်မြို့ဘက်သွားတဲ့ လမ်းကြားမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ ပြောပါတယ်။

Public Service Announcement
” အခုထက်ထိကတော့ မြေပြင်သတင်းတွေ မြေပြင်အခြေအနေတွေ မကြားရသေးပါဘူး။ စစ်ကြောင်းတွေက ပြန်ဆုတ်သွားတာလား မိုးမိတ်ဘက်ကို ဆက်သွားတာလား၊ မိုးမိတ်ဘက်ကို ဝင်သွားတာတော့ မကြားရဘူး။ အဲဒီလို အခြေအနေပါ ကျနော်တို့လည်း ဆက်ပြီးမှ လေ့လာနေတုန်းပဲ” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
အခြားစစ်ရေးသတင်းရင်းမြစ်တဦးကလည်း “မနေ့က နှစ်နေရာမှာ ဖြစ်တာပဲ။ မိုးကုတ်မှာရော မိုးမိတ်မှာရော။ မိုးကုတ်ဘက်မှာတော့ PDFနဲ့ ဖြစ်တာ။ မိုးမိတ်ဘက်မှာတော့ ငါတို့နဲ့ဖြစ်တာ KIA တပ်မဟာ(၄)နဲ့” လို့ ပြောပါတယ်။
တအာင်းတပ်မတော်(TNLA)နဲ့ စစ်ကောင်စီအကြား အပစ်ရပ်သဘောတူညီချက်အရ မိုးမိတ်နဲ့ မိုးကုတ်မြို့မှ TNLA တပ်တွေ ဆုတ်ခွာချိန် စစ်ကောင်စီတပ် ဝင်အလာ အခြားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။
KIAနဲ့ PDF ပူးပေါင်းတပ်ဟာ ၂၀၂၄ နှစ်ဆန်းက မိုးမိတ်မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်ခဲ့ပြီး မြို့ကို ဝက်ရောက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ မိုးမိတ်မြို့သိမ်းစစ်ဆင်ရေးကို TNLAက ဖော်ဆောင်ပြီး မြို့ကို သိမ်းပိုက်ခဲ့တာပါ။ ဒါပေမဲ့ TNLAနဲ့ စစ်ကောင်စီတို့ဟာ တရုတ်ရဲ့ စီစဉ်မှုနဲ့ ၂၀၂၅ အောက်တိုဘာလကုန်မှာ အပစ်ရပ်စဲခဲ့ရာ မိုးကုတ်၊ မိုးမိတ်မြို့တွေကို စစ်ကောင်စီထံ ပြန်ပေးဖို့ TNLAက သဘောတူခဲ့ရတာဖြစ်ပြီး TNLA မြို့ကအထွက် စစ်ကောင်စီတပ်တွေ မြို့ဝင်လာချိန် KIAပူးပေါင်းတပ်နဲ့ မနေ့ညက စတင်တိုက်ပွဲဖြစ်ပွားနေတာပါ။


















































