Connect with us

Hi, what are you looking for?

သတင်း

ပူတင်ရဲ့ အိန္ဒိယ ခရီးစဉ်အတွင်း မိုဒီနဲ့ ဆွေးနွေးမှုတွေ စတင်

အိန္ဒိယ နိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ အိမ်ရှင် ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ဆွေးနွေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - Narendra Modi/FB

ဒီဇင်ဘာ – ၅ ၊၂၀၂၅

အိန္ဒိယ နိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ အိမ်ရှင် ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ဆွေးနွေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

မိုဒီဟာ ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့ ၂၀၂၂ နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် အိန္ဒိယကို ရောက်ရှိလာခဲ့တာပါ။ သူ့ကို မိုဒီက ဒီဇင်ဘာ ၄ ရက် ညပိုင်းမှာ လေဆိပ်ထိ ကိုယ်တိုင်သွားရောက်ပြီး ကြိုဆိုခဲ့ပါတယ်။

ဒီဇင်ဘာ ၅ ရက်နေ့ နေ့လယ်မှာတော့ ပူတင်ဦးဆောင်တဲ့ ရုရှား အစိုးရ ကိုယ်စားလှယ် အဖွဲ့ဟာ အိန္ဒိယ သမ္မတ အိမ်တော်ဆီ ရောက်ရှိလာပြီး အိန္ဒိယ အစိုးရနဲ့ ဆွေးနွေးမှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ပူတင်ရဲ့ အဖွဲ့မှာတော့ ကာကွယ်ရေး ဝန်ကြီး အန်ဒရီ ဘီလူဆော့ဗ်၊ လက်နက်ကုမ္ပဏီတွေ၊ ရေနံလုပ်ငန်းနဲ့ ဘဏ်လုပ်ငန်း အကြီးအကဲတွေ လိုက်ပါလာကြပါတယ်။

Public Service Announcement

Public Service Announcement

ပူတင်ရဲ့ အိန္ဒိယ ခရီးစဉ်ဟာ ယူကရိန်း စစ်ပွဲကြောင့် ရုရှားရေနံအပေါ် အနောက်မဟာမိတ် နိုင်ငံတွေက အရေးယူ ပိတ်ဆို့မှုတွေ မြှင့်တင်လာချိန်မှာ အိန္ဒိယက ပမာဏ တိုးမြှင့်ဝယ်ယူရေး ကမ်းလှမ်း ဆွဲဆောင်ဖို့ ရည်ရွယ်ဟန် ရှိပါတယ်။ အိန္ဒိယနဲ့ ရုရှားတို့ဟာ နီးကပ်တဲ့ ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားသလို နှစ်ဖက် ကုန်သွယ်ရေး ကဏ္ဍကို ပိုမို မြှင့်တင်ဖို့လည်း လိုလားနေပါတယ်။

လောလောဆယ်မှာတော့ နှစ်နိုင်ငံကြား ကုန်သွယ်မှုဟာ စွမ်းအင်နဲ့ ကာကွယ်ရေး ကဏ္ဍတွေအပေါ် အဓိက အခြေပြုနေပေမယ့် အဲဒီနယ်ပယ်တွေထက် ပိုမို ချဲ့ထွင်နိုင်ဖို့ လိုလားကြောင်း ဒီဇင်ဘာ ၄ ရက်နေ့မှာ နှစ်ဖက် အစိုးရတွေက ကြေညာထားပါတယ်။

အမေရိကန် အစိုးရက ရုရှားနဲ့ ကုန်သွယ်မှုကို လျှော့ချဖို့ အိန္ဒိယကို ဖိအားပေးနေပေမယ့် အိန္ဒိယနဲ့ ရုရှားကတော့ ၂၀၃၀ ပြည့်နှစ်မှာ နှစ်ဖက် ကုန်သွယ်ရေးကို ဒေါ်လာ ၁၀၀ ဘီလီယံလောက်ထိ မြှင့်တင်ဖို့ လျာထားပါတယ်။ ၂၀၂၁ ခုနှစ်က အိန္ဒိယ-ရုရှား ကုန်သွယ်မှုဟာ ဒေါ်လာ ၁၃ ဘီလီယံလောက် ရှိခဲ့ရာက ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်မှာတော့ ဒေါ်လာ ၆၉ ဘီလီယံ၊ တစ်နည်းအားဖြင့် ၅ ဆလောက် ခုန်တက်လာခဲ့ပါတယ်။

ပူတင်ရဲ့ ခရီးစဉ်အတွင်း ရုရှားဘဏ်တွေ အိန္ဒိယမှာ ဘဏ်ခွဲ ဖွင့်လှစ်နိုင်ရေး၊ ရုရှား စစ်လက်နက်တွေ ပိုမိုရောင်းချနိုင်ရေး ကိစ္စတွေကိုပါ ဆွေးနွေးဖွယ် ရှိနေပါတယ်။ အဲဒီအတွက် ရုရှားက အိန္ဒိယရဲ့ ထုတ်ကုန်တွေကို ပိုမို ဝယ်ယူတာမျိုး ကမ်းလှမ်းလာမယ်လို့ ယုံကြည်ရပါတယ်။

ရုရှားရေနံကို ဆက်လက် ဝယ်ယူနေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အမေရိကန်က အိန္ဒိယရဲ့ ကုန်စည်တွေအပေါ် ၅၀ ရာခိုင်နှုန်း အခွန်စည်းကြပ်မှု မြှင့်တင်ခဲ့တဲ့နောက် အိန္ဒိယဟာ ပို့ကုန်ကဏ္ဍအတွက် မိတ်ဖက် အသစ်တွေကို ရှာဖွေနေပါတယ်။

ပူတင်နဲ့ မိုဒီတို့ မတွေ့ခင်မှာ အိန္ဒိယ ကုန်သွယ်ရေးဝန်ကြီး ပီယွတ်ရှ်ဂိုယဲလ်က အိန္ဒိယ အနေနဲ့ ရုရှားဆီ ကားတွေ၊ အီလက်ထရောနစ် ပစ္စည်းတွေ၊ အဝတ်အထည်တွေနဲ့ စားသောက်ကုန်တွေ တင်ပို့မှုကို မြှင့်တင်နိုင်ဖို့ မျှော်လင့်နေကြောင်း ပြောကြားသွားခဲ့ပါတယ်။

ကိုးကား – Reuters

ဆက်စပ်သတင်းများ