ဒီဇင်ဘာ-၅၊ ၂၀၂၅။ ဆန်အောင်/People’s Spring
မြန်မာနိုင်ငံမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းလို့ခေါ်တဲ့ ကျားဖြန့်လုပ်ငန်းအခြေပြု နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုကြီးရဲ့ အဓိကတရားခံဟာ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အာဏာ သိမ်းစစ်အုပ်စုသာဖြစ်ကြောင်း သက်သေအထောက်အထားတွေနဲ့တကွ မီးမောင်းထိုးပြနိုင်ရင် ရွေးကောက်ပွဲနောက်ခံနဲ့ စစ်အုပ်စုရဲ့ တရားဝင်မှု (Legitimacy) ရရှိရေး ကြိုးပမ်းချက် အောင်မြင် နိုင်ခြေမရှိတော့ဟု ဥပဒေအထောက်အကူပြုကွန်ရက်က ထုတ်ပြန်လိုက်ပါတယ်။
ကျားဖြန့်အခြေပြု နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကြီးအား စနစ်တကျတိုက်ဖျက်နိုင်ရေး အတွက် ဖက်ဒရယ်တိုင်းပြည်ယန္တရားနဲ့ အဆောက်အအုံများ (Federal Organs and Institutions) ဖွဲ့စည်း၊ တည်ရှိ၊ လှုပ်ရှား၊ ဆောင်ရွက်နိုင်ဖို့ လိုအပ်ကြောင်း အကြံပြုတိုက်တွန်းချက်ကို ဒီဇင်ဘာ ၃ရက်က ထုတ်ပြန်ခဲ့ရာ အခုလို ထည့်သွင်းဖော်ပြထားတာပါ။
ကျားဖြန့်အခြေပြု နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကြီးဟာ မြန်မာနိုင်ငံအတွင်းရှိ ဒေသ အမြောက်အများသို့ ပြန့်နှံ့နေပြီဖြစ်သလို အခြားတဘက်မှာ စစ်ကောင်စီ (စစ်ကော်မရှင်) ရဲ့ထိပ်ပိုင်း လက်ရှိဗိုလ်ချုပ်ကြီးတွေနဲ့ အရပ်ဝတ်လဲ ဗိုလ်ချုပ်တွေက အဲဒီ ရာဇဝတ်မှုကြီးက အကျိုးစီးပွား ရယူခံစားနေတာကြောင့် အမြစ်ဖြုတ်တိုက်ဖျက်ဖို့ခက်ခဲမယ်လို့ ဆိုပါတယ်။

Public Service Announcement
ကျားဖြန့်အခြေပြု နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကြီးအား တိုက်ဖျက်သွားနိုင်ရေး KNU နဲ့ KNLA တို့ရဲ့ ထုတ်ပြန်မှုတွေ ကျားဖြန့် တိုက်ဖျက်ရေးအား ဆက်တိုက်လုပ်ဆောင်နေမှုတွေကို ဥပဒေအထောက်အကူပြု ကွန်ရက်က ကြိုဆိုကြောင်း ဖော်ပြပါတယ်။
KNU ဟာ ကျားဖြန့်အခြေပြု နိုင်ငံဖြတ် ကျော်ရာဇဝတ်မှုကြီးအား ထိရောက်စွာ နှိမ်နင်းနိုင်ရေးအတွက် နိုင်ငံတကာရဲ့ လေးနက်မြန်ဆန်စွာ ပူးပေါင်း ပါဝင်မှုကို တောင်းဆိုထားတာဟာ အရေးကြီးတဲ့လိုအပ်ချက်ဖြစ်တာကို အသိအမှတ်ပြုထားပါတယ်။
ကရင်ပြည်နယ်တွင် သာမက အခြားပြည်နယ်တွေအပါအဝင် ပြည်ထောင်စု နိုင်ငံတဝှမ်းလုံးမှာ ရေရှည် စနစ်တကျ ထိရောက်စွာ တိုက်ဖျက်သွားနိုင်စေဖို့ လိုအပ်ကြောင်း ဥပဒေ အထောက်အကူပြု ကွန်ရက်က ထုတ်ပြန်ချက်ပြီး အကြံပြုချက်တွေလည်း ဖော်ပြထားပါတယ်။
နိုင်ငံတကာရဲ့အကူအညီ လတ်တလော တောင်းခံနေတဲ့တချိန်တည်းမှာ မြန်မာနိုင်ငံမှ နိုင်ငံတကာသို့ ရောက်ရှိနေကြသော တိုင်းရင်းသားပေါင်းစုံလူထုများအပါအဝင် ပြည်တွင်းအင်အားကို နိုင်ငံရေးအရ စနစ်တကျ စုစည်းသင့်ဟု ဥပဒေ အထောက်အကူပြု ကွန်ရက်က အကြံပြုပါတယ်။ ဒါဟာ ဖက်ဒရယ်ဒီမိုကရေစီကို အုတ်မြစ်ချ မယ့် အုပ်ချုပ်ရေး စနစ်အသစ်အား ဥပဒေစိုးမိုးရေးအခြေခံတွင် တည်ဆောက်၊ ကျင့်သုံးခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအတွက် ပြည်ထောင်စု တခုလုံးနဲ့ ပြည်နယ်တခုချင်းစီတို့အား မှန်ကန်စွာပေါင်းစပ်နိုင်ရေး အားပြုသင့်ကြောင်း အကြံပြုကာ ဖက်ဒရယ်ဒီမိုကရေစီအုပ်ချုပ်မှုအသစ်အား တည်ဆောက်ရမယ်လို့ ဖော်ပြထားပါတယ်။
KNUဟာ ကရင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးစုဖွဲ့မှု (တနည်းအားဖြင့်) နိုင်ငံရေးပါတီတရပ် ဖြစ်လို့ KNU ရဲ့ တော်လှန်လှုပ်ရှားမှုဟာ သမိုင်းကြောင်းအရ လွန်စွာအရေးကြီးကြောင်း၊ ဒါပေမဲ့ ကျားဖြန့်အခြေပြု နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကို KNUက တိုက်ခြင်းထက် KNU ဦးဆောင်လျက် အခြားနိုင်ငံရေး၊ တော်လှန်ရေးအင်အားစုများပါ ပါဝင်၊ စုဖွဲ့၊ တည်ထောင်ထားတဲ့ ကရင်ပြည်နယ်အစိုးရအနေဖြင့် ချေမှုန်းဖို့ ကြိုးစားခြင်းကများစွာ ပိုမိုအောင်မြင်နိုင်ခြေရှိတယ်လို့ဆိုပါတယ်။
အောက်ခြေမှအထက်သို့ (Bottom-Up) အခြေခံနဲ့ ဖက်ဒရယ်ပြည်ထောင်စု အားဖွဲ့စည်းရာမှာ ကရင်ပြည်နယ်ကို ကိုယ်စားပြုလျက် ဖက်ဒရယ်တိုင်းပြည်ယန္တရားနဲ့ အဆောက်အအုံများ (Federal Organs and Institutions) မှာ ပါဝင်နိုင်တာကြောင့် ဖြစ်ကြောင်းလည်း ဥပဒေ အထောက်အကူပြုကွန်ရက်က ရေးသားထားပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီအရ ပြည်နယ်တွေဟာ အချုပ်အခြာအာဏာပိုင်ဆိုင်တဲ့စနစ် ကျင့်သုံးရမှာ ဖြစ်ပေမယ့် ဒါကို အဓိကထားလွန်းနတာတွေ့ရကြောင်း ဖော်ပြထားပါတယ်။ အဲဒီလို အဓိကထားလွန်းတဲ့အခါ အောက်ခြေပြည်နယ်တွေကို ခြေပြုပြုပြီးဖက်ဒရယ်တိုင်းပြည်ယန္တရားတွေဖြစ်တဲ့ ဖက်ဒရယ်လွှတ်တော်၊ ဖက်ဒရယ်အစိုးရ၊ ဖက်ဒရယ် တရားလွှတ်တော်ချုပ်တို့ ပေါ်ပေါက်လာရေး ကြိုးပမ်းအားထုတ်မှုများ မရှိသလောက်ဖြစ်နေကြောင်းလည်း ထောက်ပြထားပါတယ်။
ကျားဖြန့်အခြေပြု နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကြီးအား တိုက်ဖျက်ရေး အောင်မြင်နိုင်ဖို့အတွက် ဖက်ဒရယ်တိုင်းပြည်အဆောက်အအုံရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ ဖက်ဒရယ်တပ်မတော် နဲ့ ဖက်ဒရယ်ရဲတပ်ဖွဲ့တို့ တောင့်တင်းကြံ့ခိုင်စွာ ပေါ်ပေါက်လာရေး ဦးတည်ကြိုးပမ်းသင့်ကြောင်း ဥပဒေအထောက်အကူပြုကွန်ရက်က အကြံပြုထားပါတယ်။
ဖက်ဒရယ်တိုင်းပြည်ယန္တရားနဲ့ ဆက်စပ်လျက် အာဏာကြီးသုံးရပ်အပေါ်အခြေပြုတဲ့ ပြည်နယ်ယန္တရားနဲ့ အဆောက်အအုံတွေ ဖွဲ့စည်း ပေါ်ပေါက်လာဖို့ဆောင်ရွက်တာဟာ တရားဝင်မှုကို တော်လှန်ရေးဘက်က ရှာဖွေဖို့အကောင်းဆုံးကြိုးပမ်းခြင်းဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီအုပ်ချုပ်ရေးအသစ်နဲ့ အစားထိုးသွားဖို့ ကြိုးပမ်းခြင်းကသာလျင် တိုင်းရင်းသား ပေါင်းစုံပြည်သူလူထုတရပ်လုံး လက်ရှိ လျှောက်လှမ်းသင့်တဲ့ လမ်းကြောင်းဖြစ်တယ်လို့ အကြံပြုချက်မှာ ရေးသားထားပါတယ်။
တိုင်းရင်းသားပြည်နယ်များအသီးသီးရှိတော်လှန်ရေးအင်အားစုတွေအားလုံးလည်း ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြဖို့ ဥပဒေ အထောက်အကူပြု ကွန်ရက်က မေတ္တာရပ်ခံထားပါတယ်။
ကျားဖြန့်အခြေပြု နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကြီးအား တိုက်ဖျက်ရေးအတွက် ပူးပေါင်းလက်တွဲဆောင်ရွက်ကြခြင်းက ပြည်သူလူထုရဲ့ယုံကြည်မှု အပြင် တော်လှန်ရေးဘက်က တရားဝင်မှု (Legitimacy) ကိုရရှိစေရုံသာမက ရေရှည်ငြိမ်းချမ်း၊ တည်ငြိမ်၊ ဖွံ့ဖြိုး၊ တိုးတက်သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ပေါ်ပေါက်လာရေးအတွက် ဥပဒေစိုးမိုးရေး အုတ်မြစ် ချမှတ်ပြီးရာရောက်မည်ဟုလည်း ဥပဒေ အထောက်အကူပြုကွန်ရက်က အကြံပြုချက်မှာ ရေးသားထားပါတယ်။


















































