ဒီဇင်ဘာ – ၅ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring
ကရင်လက်နက်ကိုင်အဖွဲ့ DKBA နဲ့ BGF တို့လုံခြုံရေးယူထားတဲ့ မြ၀တီမြို့ပေါ်ကကျားဖြန့် ဝင်းထဲကိုမနေ့ (ဒီဇင်ဘာ ၄)ရက်မှာ စစ်ကောင် စီတပ် က စီးနင်းပြီး အဆောက်အဦးကို မိုင်းခွဲလိုက်တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
မြ၀တီမြို့ ၊ အမှတ် ( ၃ ) ရပ်ကွက်မှာရှိတဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ထိန်းချုပ်ထားတဲ့ ကျားဖြန့်ဝင်းတစ်ခုနဲ့ ကရင်နယ်ခြားစောင့်တပ်(BGF) ထိန်းချုပ်ထားတဲ့ ကျားဖြန့်ဝင်းတစ်ခုကို စစ်တပ်က ဝင်ရောက်စီးနင်းရှာဖွေခဲ့တာဖြစ်ပြီး DKBA ထိန်းချုပ်ထားတဲ့ ကျားဖြန့်အဆောက်အဦးတစ်ခုကိုတော့ မိုင်းခွဲဖျက်ဆီးလိုက်တာပါ။
စီးနင်းမှုအတွင်း မြန်မာနိုင်ငံသား အများစုအပါအဝင် လူဦးရေ ၂၀၀ ကျော်ကို ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

Public Service Announcement
ဒါပေမယ့် စီးနင်းမှုမတိုင်ခင်မှာ ကျားဖြန့် လုပ်ငန်းလုပ်ကိုင်သူ ထိပ်ပိုင်းတွေကို ကြိုတင်ရှောင်ခိုင်းထားတာလို့ မြဝတီသတင်းရင်းမြစ်က ဆိုပါတယ်။
“သူတို့(စစ်တပ်)ဖောက်ခွဲလိုက်တယ်၊ (မြ၀တီက) တခြားဆိုဒ် နေရာက ရှောင်နေရတယ်” လို့ မြ၀တီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
စစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ ဒီဇင်ဘာ ၄ ရက် က မြ၀တီမြို့ အမှတ် (၃ ) ရပ်ကွက်မှာအွန်လိုင်းလောင်းကစားမှု၊အွန်လိုင်းလိမ်လည်မှုတွေ ကျူးလွန်လျက်ရှိကြတဲ့ မြန်နိုင်ငံသား ၂၂၃ ဦး၊ တရုတ်နိုင်ငံသား ၂၅ ဦး စုစုပေါင်း ၂၄၈ ဦးကို ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး အရေးယူသွားမယ်လို့ ဆိုထားပါတယ်။
အဲဒီလုပ်ငန်းလုပ်ကိုင်သူတွေ နေထိုင်တဲ့ သုံးထပ်အဆောက်အဦး ငါးလုံး ၊ တစ်ထပ်အဆောက်အဦး သုံးလုံး စုစုပေါင်း ရှစ်လုံး စစ်ဆေးတွေ့ရှိရပြီး သုံးထပ်အဆောက်အဦးကိုတော့ ဖျက်ဆီးလိုက်တယ်လို့စစ်ကောင်စီက ဆိုပါတယ်။
DKBA ဟာ စစ်ကောင်စီ နဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးမှု ရှိတဲ့အဖွဲ့ဖြစ်ပြီး BGF က စစ်တပ်လက်အောက်ခံဖြစ်ပါတယ်။ နှစ်ဖွဲ့လုံးကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ထောက်ခံတဲ့အဖွဲ့တွေဖြစ်ပါတယ်။


















































