ဒီဇင်ဘာ-၅၊၂၀၂၅။ဟာနာဆန်/People’s Spring
လာမယ့်ဒီဇင်ဘာ ၁၀ ရက်နေ့မှာ တနိုင်ငံလုံး အသံတိတ်သပိတ်ဆင်နွှဲပြီး စစ်အုပ်စုရဲ့ အတုအယောင်၊ တရားမဝင် ရွေးကောက်ပွဲကို လူထုတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင် သပိတ်မှောက်ကြဖို့ လူထုသပိတ်ခေါင်းဆောင်ကိုတေဇာဆန်းက တိုက်တွန်းလိုက်ပါတယ်။
လာမယ့် ဒီဇင်ဘာလ (၁၀) ရက်နေ့ (အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့) မှာ တနိုင်ငံလုံး လူထုတရပ်လုံးက “အပြင်မထွက်၊ အသံတိတ်သပိတ်ကြီး” (Silent Strike) ဆင်နွှဲပြီးတော့ လူထုသဘောထားနဲ့ တောင်းဆိုချက်ကြီး (၃) ရပ်ကို ဖော်ထုတ် တောင်းဆိုကြဖို့ ရှိပြီး ပြည်သူလူထုအားလုံး အတူတကွ ပူးပေါင်း ပါဝင်ဆင်နွှဲကြဖို့ ကိုတေဇာဆန်းကသူ့ရဲ့လူမှုကွန်ရက်ကနေအသိပေးပါတယ်။
ဆက်လက်ပြီး ကိုတေဇာဆန်းက အသံတိတ်သပိတ်ကနေ တောင်းဆိုမယ့် အချက် ၃ ခုနဲ့ လူထုသဘောထားဆန္ဒကို ရှင်းပြပါတယ်။ အချက် ၃ ချက်ကတော့ အဓမ္မ ဖမ်းဆီးအကျဉ်းကျခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်တို့နဲ့အကွ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချွင်းချက်မရှိအမြန်ဆုံး လွတ်ပေးဖို့၊ စစ်အုပ်စုက အတင်းအဓမ္မ ပြင်ဆင်နေတဲ့ “ရွေးကောက်ပွဲ” ဆိုတာဟာ တိုင်းပြည်နိုင်ငံရေးပြဿနာအတွက် “ထွက်ပေါက်” မဖြစ်ယုံသာမက “ထောင်ခြောက်” ပဲဖြစ်ပြီး ဒီ “အတုအယောင်၊ တရားမဝင် ရွေးကောက်ပွဲ” ကို လူထုတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင် သပိတ်မှောက်ဖို့နဲ့စစ်အုပ်စုဟာ အဓမ္မစစ်မှုထမ်းဥပဒေကို အတင်းပြုကျင့်ပြီး လူထုတရပ်လုံးကို အမျိုးမျိုး ဖိနှိပ် အနိုင်ကျင့်နေပြီး လူငယ်လူရွယ်များစွာကို သေတွင်းထဲကို ပို့နေတာကြောင့် “အဓမ္မစစ်မှုထမ်း ဥပဒေ” ကို လုံးဝ ဖျက်သိမ်းဖို့ လိုအပ်ကြောင်းစတဲ့အချက်တွေ ပါဝင်တယ်လို့ ကိုတေဇာဆန်းက ရှင်းလင်းပါတယ်။

Public Service Announcement
“တော်လှန်ရေးက အရင်းအနှီး၊ အထိအခိုက် ကြီးမားပါတယ်။ သို့သော် မတော်လှန်ဘဲ ခေါင်းငုံ့လည်ဆင်းခံနေလို့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်၊အမြစ်တွယ်သွားရင်ဖြစ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးက အများကြီး ပိုဆိုးရွားပြင်းထန်တာကြောင့် ကျနော်တို့ ဒီတော်လှန်ရေးကို အဆုံးသတ်ပန်းတိုင်ထိ ဆက်လက် ချီတက်သွားကြဖို့ပဲ ဖြစ်ပါတယ်။”လို့ လူထုသပိတ်ခေါင်းဆောင်က တိုက်တွန်းလိုက်ပါတယ်။
ဒီဇင်ဘာလ ၃ ရက်နေ့က မန္တလေးမြို့လယ်က စျေးချိုအနီးမှာ မန္တလေးသပိတ် ခေါင်း ဆောင် ဒေါက်တာ တေဇာဆန်း၊ရန်ကုန်သပိတ်ခေါင်း ဆောင် ကိုနန်းလင်း၊စစ်ကိုင်းသပိတ်ခေါင်း ဆောင် ကိုခန့် ဝေဖြိုးတို့ ဦးဆောင် ပြီး စစ်အာဏာရှင်ဆန့်ကျင် ရေးဆန္ဒပြခဲ့ကြပါသေးတယ်။
ဆန္ဒပြလာပြသွားတဲ့ နေရာတဝိုက်က စျေးဆိုင်တွေကိုလည်း စစ်အုပ်စုက မနေ့ညကပဲ ဖယ်ရှားရှင်းလင်းသွားခဲ့ပါတယ်။





















































