Connect with us

Hi, what are you looking for?

သတင်း

ဗုံးကြဲခံရလို့ လူအစုလိုက်အပြုံလိုက်​သေခဲ့တဲ့မိုးမိတ်မြို့၊ မြစ်ဆုံရွာကိုစစ်တပ် ဗုံးထပ်ကြဲ

စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလို့ စစ်ရှောင်တွေအပါအဝင် ၁၁ဦးသေဆုံးခဲ့တဲ့ မိုးမိတ်မြို့ မြစ်ဆုံရွာကို ဒီနေ့မှာလည်း စစ်တပ်က ဗုံးထပ်ကြဲနေပါတယ်။

မြစ်ဆုံရွာကို ဒီဇင်ဘာ ၇ ရက်ကဗုံးကြဲခံရပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-CJ

ဒီဇင်ဘာ-၇၊၂၀၂၅။အိမ်သွင်/People’s Spring

စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလို့ စစ်ရှောင်တွေအပါအဝင် ၁၁ဦးသေဆုံးခဲ့တဲ့ မိုးမိတ်မြို့ မြစ်ဆုံရွာကို ဒီနေ့မှာလည်း စစ်တပ်က ဗုံးထပ်ကြဲနေပါတယ်။

မြစ်ဆုံရွာကို ဒီဇင်ဘာ ၇ ရက်ကဗုံးကြဲခံရပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-CJ

ဒီဇင်ဘာလ ၆ ရက်နေ့မနက်က မိုးမိတ်မြို့နယ်၊ မြစ်ဆုံရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ မိုးကုတ်မြို့ကနေ စစ်လာရှောင်သူတွေအပါအဝင် ၁၁ဦး သေဆုံးသွားခဲ့ပါတယ်။ ဒီနေ့မှာလည်း မြစ်ဆုံရွာကို ပစ်မှတ်ထားပြီး လေကြောင်းကနေဗုံးထပ်ကြဲနေတာပါ။

“မြစ်ဆုံမှာက ဟိုအရင်က TNLA စခန်းထိုင်တယ်။ နောက်ပိုင်းမရှိတော့ဘူး။အခုကစစ်ရှောင်တွေပဲရှိတာ။ ဒီ‌နေ့ကမနေ့ကထက်ပိုဆိုးတယ်။ဆက်တိုက်ကြဲနေတာ”ဒေသခံတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၇ ရက်မနက်ကနေ ညနေပိုင်းအထိဗုံးကြဲတာ​ကြောင့်မြစ်ဆုံရွာကစာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ ရွှေဆိုင်တစ်ဆိုင်လည်းပါဝင်တယ်လို့ ကနဦးသတင်းရရှိပါတယ်။

ဒီဇင်ဘာ ၇ ရက်က ဗုံးကြဲတာမှာ မိုးကုတ်မြို့ကနေစစ်ဘေးရှောင်လာတဲ့ မိသားစုဝင်တွေ အပါအဝင်အမျိုးသား၉ဦးနဲ့ အမျိုးသမီးနှစ်ဦးသေဆုံးခဲ့တာလို့ သတင်းရရှိပါတယ်။ ဒီကနေ့တိုက်ခိုက်မှုမှာတော့ ထိခိုက်မှုနဲ့သေဆုံးမှုအခြေအနေတွေကို အသေးစိတ်မသိရသေးပါဘူး။

မိုးမိတ်မြို့ကို TNLA နဲ့ မဟာမိတ်တပ်​တွေက ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းနဲ့အတူ သိမ်းယူခဲ့တဲ့မြို့ဖြစ်ပါတယ်။ သိမ်းယူထားတဲ့ မြို့တွေအနက် မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့ကို စစ်ကောင်စီထံပြန်အပ်ဖို့ ပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းမှာတရုတ်နိုင်ငံကူမင်းမြို့မှာ စစ်ကောင်စီနဲ့ဆွေးနွေး သဘောတူခဲ့ပါတယ်။

သတ်မှတ်ကာလအတွင်း မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်ကနေ တအာင်းတပ်တွေ ပြန်လည်ဆုတ်ခွာမယ်လို့ TNLAကအောက်တိုဘာလ၂၉ရက်နေ့မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ TNLAနဲ့ တပ် အပေးအယူအနေနဲ့ တအာင်းဒေသကို စစ်ကောင်စီက လေယာဉ်ဗုံးကြဲခြင်း၊ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမလုပ်ဘဲ နှစ်ဖက်ရောက်ရှိသည့်နေရာမှာ တပ်တွေရပ်တန့်ပြီး အပစ်အခတ်ရပ်စဲ ရေးလက်မှတ်ရေးထိုးခဲ့တာပါ။ ထိန်းချုပ်ဒေသက ဒေသခံတွေ၊ တော်လှန်ရေးတပ်တွေနဲ့ မတိုင်ပင်ဘဲ စစ်ကောင်စီနဲ့ အပစ်ရပ်ခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ ဖွဲ့စည်းပြီး စစ်ကောင်စီစစ်ကြောင်း တွေကို နိုဝင်လာလ ၃၀ရက်ကစပြီး တိုက်ခိုက်နေတယ်လို့ ဒီဇင်ဘာ ၇ ရက်မှာထုတ်ပြန်ပါတယ် ။ မိုးကုတ်မြို့အပြင်က အ​ရေးပါတဲ့​တောင်ကုန်းတခုကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း အသိ​ပေးပါတယ် ။

စစ်ကောင်စီက ဒီဇင်ဘာလ၆ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့ကိုလည်း ဗုံးကြဲလို့ သက်ကြီးရွယ်အိုတွေအပါအဝင် ၂၁ဦး သေဆုံးခဲ့ပါတယ်။စစ်တပ်က သူတို့လုပ်မယ်ဆိုတဲ့​ရွေး​ကောက်ပွဲလုပ်ဖို့ ရက်ပိုင်းအလိုမှာ ဗုံးကြဲပြီးပြည်သူ​တွေကိုသတ်ဖြတ်​နေတာ​တွေကို ဆက်လက်ကျူးလွန်​နေတာဖြစ်ပါတယ် ။

စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေက ပိုမိုဆိုးရွားလာပြီး အရပ်သားပြည်သူတွေကိုပစ်မှတ်ထားတဲ့ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူအခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ