Connect with us

Hi, what are you looking for?

သတင်း

သရက်-ကံမလမ်းပိုင်းမှာ တိုက်ပွဲ နှစ်ကြိမ်ဖြစ်

မကွေးတိုင်း၊ သရက်-ကံမလမ်းပိုင်းမှာ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုရှိတယ်လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - သရက်ခရိုင် အမှတ်(၄)တပ်ရင်း

ဒီဇင်ဘာ-၈၊၂၀၂၅၊မိုမို/People’s Spring

မကွေးတိုင်း၊ သရက်-ကံမလမ်းပိုင်းမှာ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုရှိတယ်လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

ဒီကနေ့ (ဒီဇင်ဘာ ၈ ရက်)မှာ သရက်မြို့ကနေ အင်အား ၃၀ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ကံမမြို့နယ် ရေနံ့သာရဲကင်းစခန်းက စစ်တပ်၊ရဲ ပူးပေါင်း အင်အား ၄၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းက သရက် – ကံမလမ်းပိုင်းအတိုင်း နှစ်ဖက်ညှပ် စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။

စစ်ကြောင်းထိုးလာတာဟာ စစ်ကောင်စီက အတင်းအကျပ်စီစဥ်နေတဲ့ ရွေးကောက်ပွဲအတွက် ဒေသတွင်း နယ်မြေထိန်းချုပ်နိုင်ဖို့လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကြောင်း နှစ်ခုထဲက ရေနံ့သာစခန်းမှထွက်လာတဲ့ စစ်ကြောင်းကို ကံမမြို့နယ် နတ်မီးတောက်ကျေးရွာအနီးမှာ မနက် ၉ နာရီက စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲတာနဲ့ ပစ်ခတ်မှုတွေအပါအဝင် ၅မိနစ်ကြာတိုက်ပွဲအတွင်း ရန်သူ့က မိုင်းကွင်းထဲဝင်လာတာကြောင့် ခြောက်ဦးနီးပါး ထိခိုက်သေဆုံးတယ်လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ပြောပါတယ်။

အဲဒီစစ်ကြောင်းက သရက် – ကံမ လမ်းပိုင်းအတိုင်း ဆက်လက်စစ်ကြောင်းထိုးလာပြီး ထန်းဖြူကျေရွာ၊ ရေတွင်းကြီးကျေးရွာက ဒေသခံနေအိမ်တွေကို ဖောက်ထွင်းမွှေနှောက်ခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

ဒီကနေ့ နေ့လယ် ၁၂နာရီမှာ သရက်မြို့နယ် စက်တောင်ကျေးရွာအနီးမှာ နာရီဝက်ကြာ တိုက်ပွဲထပ်မံဖြစ်ပြီး စစ်ကောင်စီတပ်က ၁၀ဦးခန့် ထိခိုက်သေဆုံးတယ်လို့လည်း အသိပေးပါတယ်။

“သရက်ဆေးရုံကို သူတို့(စစ်ကောင်စီ)တပ်သားတွေ ရောက်လာတဲ့သတင်းရထားတယိ။စစ်​ကြောင်းထိုးလာတဲ့ အထဲမှာ ကားလည်းပါလာတယ်။သူတို့(စစ်ကောင်စီ) Faw ကားက သရက်ဆေးရုံကို ညမှောင်စမှာရောက်လာတာသိရတယ်”လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ထိခိုက်၊သေဆုံးတာနဲ့ပတ်သက်လို့ လူထုနွေဦးက သီးခြား အတည်မပြု နိုင်သေးပါဘူး။

ကြားဖြတ်တိုက်ခံရတဲ့ ရေနံ့သာစစ်ကြောင်းနဲ့ သရက်မြို့က ထွက်လာတဲ့ စစ်ကြောင်း ပူးပေါင်းပြိး သရက်မြို့နယ် စက်တောင်ကျေးရွာမှာ ဆက်ရှိနေတယ်လို့ သိရပါတယ်။

“စက်တောင်ရွာက သရက်နဲ့ ကံမ အစပ်မှာ။စကစ တပ်သားတွေ ရှိနေသေးတယ်”လို့ သရက်မြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေထပ်ဖြစ်လာနိုင်တာကြောင့် သရက် – ကံမ လမ်းပိုင်းကို အသုံးပြုသွားလာမယ့် ပြည်သူတွေ သတိပြုဖို့လည်း သရက်ခရိုင်အမှတ်(၄)တပ်ရင်းက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ