Connect with us

Hi, what are you looking for?

သတင်း

အသံတိတ်သပိတ်မှာ ပြည်သူတရပ်လုံးတက်ကြွစွာပါဝင်ခဲ့မှုအပေါ် လေးစားဂုဏ်ပြုကြောင်း NUG သဝဏ်လွှာပို့

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ဖြစ်တဲ့ ဒီကနေ့ ဒီဇင်ဘာ (၁၀) ရက်မှာ ပြုလုပ်ခဲ့တဲ့ အသံတိတ်သပိတ် လှုပ်ရှားမှု အောင်မြင်ခြင်းအတွက် ပြည်သူတရပ်လုံးကို လေးစားဂုဏ်ပြုမှတ်တမ်းတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဂုဏ်ပြုသဝဏ်လွှာ ထုတ်ပြန်ပါတယ်။

မန္တလေးမြို့ပြည်သူတွေက အသံတိတ်သပိတ်မှာ ပူးပေါင်းပါဝင်နေစဉ်။ ဓာတ်ပုံ - GSCB

ဒီဇင်ဘာ-၁၀၊ ၂၀၂၅။ ဆန်အောင်/People’s Spring

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ဖြစ်တဲ့ ဒီကနေ့ ဒီဇင်ဘာ (၁၀) ရက်မှာ ပြုလုပ်ခဲ့တဲ့ အသံတိတ်သပိတ် လှုပ်ရှားမှု အောင်မြင်ခြင်းအတွက် ပြည်သူတရပ်လုံးကို လေးစားဂုဏ်ပြုမှတ်တမ်းတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဂုဏ်ပြုသဝဏ်လွှာ ထုတ်ပြန်ပါတယ်။

တနိုင်ငံလုံးမှ တစ်ပြိုင်တည်း ပါဝင်ဆင်နွှဲခဲ့ကြတဲ့ အသံတိတ်သပိတ် (Silent Strike) လူထုလှုပ်ရှားမှုကြီးဟာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်စွာ ပြီးဆုံးခဲ့တဲ့အပေါ် အခုလို သဝဏ်လွှာ ပေးပို့ခဲ့တာပါ။

ပြည်သူတွေဟာ အရင်ပြုလုပ်ခဲ့တဲ့ အသံတိတ်သပိတ် (၅) ကြိမ်လုံးမှာလည်း Silent Strike ဆိုတဲ့ အသံကြားရုံနဲ့ စစ်အာဏာရှင်တွေ ကြောက်ရွံ့တုန်လှုပ်လာရတဲ့အထိ စုစည်းမှုအင်အားကို ပြသနိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီကနေ့မှာ မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ ဆိုင်ခန်းတွေ ပိတ်ထားတာ၊ လမ်းပေါ် သွားလာမှု မပြုဘဲ နေအိမ်မှာ တိတ်ဆိတ်စွာ နေထိုင်တာ စတဲ့ ပြတ်သားတဲ့နည်းလမ်းတွေနဲ့ တော်လှန်ရေး သစ္စာကို ထပ်မံ သက်သေပြနိုင်ခဲ့တာလို့ NUG ရဲ့သဝဏ်လွှာမှာ ရေးသားထားပါတယ်။

အသံတိတ်သပိတ်လှုပ်ရှားမှုနဲ့ စစ်အုပ်စုရဲ့ တရားမဝင်အတုအယောင် ရွေးကောက်ပွဲဟာ လူထုဆန္ဒ လုံးဝမပါဝင်ကြောင်း ခိုင်ခိုင်မာမာ ဖော်ထုတ်နိုင်ခဲ့ပြီး တရားမဝင် အတုအယောင် ရွေးကောက်ပွဲရဲ့ ဂုဏ်သိက္ခာနဲ့ တရားဝင်ဖြစ်လိုမှုကို ရိုက်ချိုးနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ အသံတိတ်သပိတ်ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နဲ့ တကွ နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွတ်ပေးဖို့ “တရားမဝင် အတုအယောင် ရွေးကောက်ပွဲ” ကို လူထုတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင် သပိတ်မှောက် ကြဖို့နဲ့ “အဓမ္မစစ်မှုထမ်း ဥပဒေ” ကို လုံးဝဖျက်သိမ်းဖို့ တောင်းဆိုချက် ၃ရပ်နဲ့ ပြုလုပ်ခဲ့တာပါ။

အရေးအကြီးဆုံးသော နိုင်ငံလုံးဆိုင်ရာ အသံတိတ်သပိတ်ကြီးကို စနစ်တကျ စီစဉ်ဖော်ဆောင်ပေးခဲ့ကြသော အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) အပါအဝင် ပြည်တွင်းပြည်ပမှ ပူးပေါင်းပါဝင်ခဲ့ကြတဲ့တော်လှန်ရေးအင်အားစုတွေ၊ မိတ်ဖက် အဖွဲ့အစည်းတွေ အားလုံးကို ကျေးဇူးတင်ကြောင်းလည်း ဖော်ပြထားပါတယ်။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ တိတ်ဆိတ်ခြင်းအားနဲ့ ပြည်သူလူထုတရပ်လုံးရဲ့ သန္နိဋ္ဌာန်ကို ကမ္ဘာသိအောင်ထုတ်ဖော်ပြသနိုင်ခဲ့သလိုရှေ့ဆက်ပြီး အားလုံးရည်မှန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် မုချတည်ဆောက်နိုင်ရမည်ဆိုတဲ့ ရည်မှန်းချက်ကို ပြတ်ပြတ်သားသား ဆက်လက် အကောင်အထည်ဖော်သွားမယ်လို့လည်း NUGက သတိပြုပါတယ်။

NUG ယာယီသမ္မတ ဒူဝါလရှီးလကလည်း စစ်အာဏာရှင်တွေရဲ့ ညှင်းပမ်းရက်စက်မှုတွေကို ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ကြောင်း ပြသတဲ့ အနေနဲ့ ဒီကနေ့ ဒီဇင်ဘာ ၁၀ရက်အသံတိတ်သပိတ်ကို ဆင်နွှကြတဲ့ ပြည်သူအပေါင်းကို လေးစားစွာဦးညွှတ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီကနေ့ အသံတိတ်သပိတ်ဟာ ပြည်သူတွေ အနေနနဲ့ ၅နှစ်ကြာလာတဲ့အထိ သွေးမအေးဘဲ ပြည်သူ့ဆန္ဒကို ပွင့်လင်းစွာ ထုတ်ဖော်ပြသသွားတာဟာ အံ့အားသင့်စရာ ကောင်းသလို ချီးကျူးလေးစားစရာလည်းကောင်းတယ်လို့ နိုင်ငံရေးလေ့လာသူတဦးဖြစ်တဲ့ ဦးရဲမျိုးဟိန်းက သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာရေးသားထားပါတယ်။

ပြည်သူတွေဟာ သူတို့ခါးသီးတဲ့စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း၊ စစ်အာဏာရှင် တွေလုပ်တဲ့ ကျား ဖြန့်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းကို သူတို့နိုင်ရာနည်းလမ်းနဲ့ပါဝင်ပြီး တခဲနက် ပြသသွားခဲ့ကြတာလို့ ရေးသားထားပါတယ်။

“ စစ်တပ်ရဲ့လူမဆန်တဲ့ဖိနှိပ်မှုတွေ၊ ယုတ်မာအောက်တန်းကျတဲ့ ဖိအားပေးမှုတွေကြားမှာ သူတို့လုပ်ရမယ့်အလုပ်ကို ပြတ်ပြတ်သားသား၊ ပါးပါးနပ် နပ်နဲ့ ဆောင်ရွက် သွားခဲ့ကြပါတယ်။ ပြည်သူတွေအနေနဲ့ ၅ နှစ်ကြာလာတဲ့အထိ သွေးမအေးဘဲ သူတို့ဆန္ဒကို ပွင့်ပွင့် လင်းလင်းကြီးထုတ်ဖော်ပြသသွားတာဟာ အံ့အားသင့်စရာကောင်းသလို တကယ့်ကို ချီးကျူးလေးစားစရာလဲကောင်းပါတယ်” လို့ ဦးရဲမျိုးဟိန်းက ရေးသားထားပါတယ်။

အာဏာသိမ်းတာ (၅)နှစ် ပြည့်တော့မယ့် လက်ရှိ အချိန်မှာ ပြည်သူတွေပါဝင်တဲ့လှုပ်ရှားမှုတခု ပြုလုပ်ဖို့ လှုံ့ဆော်ရတာ ဟာ အတော်တော့ စွန့်စားရတဲ့ ကိစ္စဖြစ်တယ်လို့ ဦးရဲမျိုးဟိန်းက သပိတ်ခေါင်းဆောင်တွေဖြစ်တဲ့ကိုတေဇာဆန်းနဲ့အဖွဲ့က အသံတိတ်သပိတ် မကျင်းပမီ သပိတ်မှာ ပြည်သူတွေ ပါဝင်ဖို့ မန္တလေးမှာ ဆန္ဒပြရင်းဆော်ဩခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး မှတ်ချက်ပြုထားပါတယ်။

“ တကယ်လို့သာ ဒီလှုံ့ဆော်မှုကအရာမထင်ဘူးဆိုရင်၊ ပြည်သူတွေက ပူးပေါင်းပါ ဝင်နိုင်မှုမရှိဘူးဆိုရင် နွေဦးတော်လှန်ရေးရဲ့ အရွေ့နဲ့ အရှိန် ဟာ အများကြီး မေးခွန်းထုတ်စရာတွေ ရှိလာနိုင်တာကိုး။ခုချိန်ထိ နွေဦးတော်လှန်ရေးဟာ ပြည်သူတွေရဲ့အားနဲ့ ဒီလောက်ထိ ရွေ့ခဲ့ကြရတာ မဟုတ်လား။ ပြည်သူတွေက နွေဦးတော်လှန်ရေးရဲ့ အလှုပ်၊ အရွေ့၊ အ ဆုတ်၊အတက်ကိုတိုင်းတဲ့အဓိကအကျဆုံးညွှန်းကိန်းပဲလေ။”လို့ ဦးရဲမျိုးဟိန်းက ရေးသားထားပါတယ်။

အသံတိတ်သပိတ်မှာ ပြည်သူတွေ ပါဝင်နိုင်ပါ့မလားဆိုပြီးသံသယဖြစ်ခဲ့လို့ တိတ်တိတ်ဆိတ်ဆိတ်စောင့်ကြည့်ခဲရာ အံ့အားသင့်စရာဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီကနေ့ အသံတိတ်သပိတ်လှုပ်ရှားမှုကြီးက ပြည်သူတွေဟာ ၅နှစ်ကြာတဲ့အထိ သွေးမအေးသေးဘဲစစ်အာဏာရှင်တွေအပေါ် ဘယ်လောက်အထိ ခါးသည်းနေတယ် စစ်အာဏာရှင်စနစ်အပေါ် ဘယ်လောက်အထိစက်ဆုပ်ရွံရှာနေတယ်ဆိုတာ ထင်ထင်ရှားရှား ပြသတာ အပါအဝင် အချက် ၅ချက်ကို ဖော်ပြနေတယ်လို့ သုံးသပ်ထားပါတယ်။

” ပြည်သူတွေဟာ ၅ နှစ်ကြာလာပြီးတဲ့အချိန် အထိ ဝေဝါးယိမ်းယိုင်ခြင်းမရှိ၊ ရန်သူမပျောက်ဘဲ သူတို့ စိတ်ဆန္ဒ၊ သူတို့ ယုံကြည်ရာအတွက် ဆက်ပြီးရပ်တည်၊ ထောက်ခံအားပေးနေတယ်ဆိုတာကို ထင်ထင်ရှားရှားပြ သတာလဲဖြစ်ပါတယ်။ ပြည်သူတွေကို ဝေဝါးအောင်၊ အား လျော့အောင် စစ်အုပ်စုက ဇာတ်ညွှန်းမျိုးစုံ၊ ပုံစံမျိုးစုံ၊ နည်း မျိုးစုံနဲ့လုပ်နေကြပေမယ့် ပြည်သူတွေက မဝေဝါးဘူး။ ရန် သူမပျောက်ဘူး။ ပန်းတိုင်မပျောက်ဘူး”လို့ ဦးရဲမျိုးဟိန်းက ရေးသားထားပါတယ်။

ဒါ့အပြင် ပြည်သူတွေရဲ့အားပေးထောက်ခံမှုနဲ့နွေဦးတော်လှန်ရေးဟာ ဆက်လက်ချီတက်နေသေးတယ်ဆိုတာကိုလည်း ဒီကနေ့ လှုပ် ရှားမှုက အထင်အရှားမြင်ရကြောင်း မှတ်ချက်ပြုပါတယ်။
“အခုအချိန်မှာ နွေဦး တော်လှန်ရေးအလံကို လှဲချဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းအား ထုတ်လာကြပေမယ့် နွေဦးတော်လှန်ရေးဟာ အလံမလဲဘဲ ဆက်လက်ချီတက်နိုင်နေသေးတယ်”လို့ ဦးရဲမျိုးဟိန်းက ရေးသားထားပါတယ်။

အခုလှုပ်ရှားမှုကို တနိုင်ငံလုံးအတိုင်းအတာနဲ့ပါဝင်ဆောင် ရွက်တာကို ကြည့်ရရင် တနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေဟာ စစ်အာဏာရှင်တွေအောက်ကနေ လွတ်မြောက်လိုစိတ်ကို ထင်ထင်ရှားရှားဖော်ပြလိုက်ခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

” ကျနော့် အမြင်ကတော့ နွေဦးတော်လှန်ရေးရဲ့ဝိဥာဉ်ဟာ တနိူင်ငံလုံး စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေးဖြစ်တယ် နေရာတခု၊ လူတစုကွက်ကျား လွတ်မြောက်ရေးမဟုတ်ဘူး ဒါကို ပြည်သူတွေက အခုအချိန်အထိ ထင်ထင်ရှားရှားပြသ နေသေးတယ်လို့မြင်တယ်”လို့ ဦးရဲမျိုးဟိန်းက ရေးသားထားပါတယ်။
ဒါ့အပြင် နွေဦးတော်လှန်ရေးရဲ့ ၅ နှစ်ခရီးမှာ ပြည်သူတွေဟာ သူ တို့ရဲ့ အခန်းကဏ္ဍကို မဝေမဝါး၊ မယိမ်းမယိုင်ဘဲ သူတို့နိုင် ရာနေရာကနေ ပံ့ပို့ကူညီထောက်ခံအားပေးပါဝင်ဆောင်ရွက် ခဲ့ကြတာဖြစ်တယ်လို့လည်း ပြောပါတယ်။

” ပြည်သူတွေ ဒီလောက်ဇွဲစိတ်သန်သန်နဲ့ပါဝင် ဆောင်ရွက်ခဲ့တဲ့ တော်လှန်ရေးတရပ်ဟာ မအောင်မြင်ဘူးဆိုရင် မြန်မာ့သမိုင်းမှာရော၊ ကမ္ဘာ့သမိုင်းမှာပါ ပျက်ရယ်ပြု စရာဖြစ်လိမ့်မယ်။ နွေဦးတော်လှန်ရေးမှာ ဦးဆောင်နေသူ တွေ၊ ပါဝင်ဆောင်ရွက်နေသူတွေအနေနဲ့ ဒါကို ကြပ်ကြပ်သ တိပြုမိဖို့လိုမယ်၊ ဦးစီးသူတွေအနေနဲ့ မယိမ်းမယိုင်၊ မဝေမဝါး၊ မဖောက်မပြန်ဘဲ ပြည်သူတွေလိုချင်တဲ့ အနာဂတ်ပန်း တိုင်ကို အရောက်ချီတက်သွားနိုင်ဖို့ ကိုယ်စွမ်းဥာဏ်စွမ်းစိတ်အစွမ်းရှိသလောက် အားမာန်အပြည့်နဲ့ကြိုးပမ်းအားထုတ်သွားကြဖို့ လိုပါတယ်”လို့ ဦးရဲမျိုးဟိန်းက ရေးသားထားပါတယ်။

ပြည်သူတွေက အမြဲတာဝန်ကျေပြီး ပြည်သူတွေဟာ ဒီမိုကရေစီနဲ့ အမှန်တကယ်ထိုက်တန်ကြောင်းလည်း ဦးရဲမျိုးဟိန်းက ရေးသားထားပါတယ်။

ဆက်စပ်သတင်းများ