ဒီဇင်ဘာ-၁၀၊၂၀၂၅/People’s Spring
အသံတိတ်သပိတ်(Silent Strike)ကို တညီတညွတ်တည်း ဖော်ဆောင်ဆင်နွှဲပြီး ဆန္ဒသဘောထားတွေ ဖော်ထုတ်ပြသခဲ့ကြတဲ့ တနိုင်ငံလုံးက ပြည်သူလူထုအပေါင်းကို အလေးအနက် ဦးညွတ်ဂုဏ်ပြုအပ်တယ်လို့ သပိတ်ခေါင်းဆောင် ကိုတေဇာစန်းက ပြောကြားလိုက်ပါတယ်။
ဒီကနေ့မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်တဲ့ အသံတိတ်သပိတ်မှာ တနိုင်ငံလုံးက ပြည်သူတွေပူးပေါင်းပါဝင်ခဲ့အပေါ် ကိုတေဇာစန်းက ထုတ်ဖော်ပြောကြားလိုက်တာ ဖြစ်ပါတယ်။
” ဒီလောက် ရက်စက်ကြမ်းကြုတ်ယုတ်မာလှတဲ့ အာဏာရူး စစ်အုပ်စုကို ဆန့်ကျင်တွန်းလှန်ပြီး ဒီလိုမျိုး ရဲရင့်ပြောင်မြောက်လှတဲ့ လူထုလှုပ်ရှားမှုကြီးတခုကို ဖော်ဆောင်နိုင်ခဲ့ကြတဲ့ ပြည်သူလူထုအပေါင်းကို အလေးအနက် ဦးညွတ်ဂုဏ်ပြုအပ်ပါတယ်”လို့ ကိူတေဇာစန်းက သူရဲ့လူမှုကွန်ရက်တဆင့် ရေးသားဂုဏ်ပြုထားပါတယ်။

Public Service Announcement
ဒီကနေ့ လုပ်ဆောင်ချက်ဟာ အင်မတန်ကို ခက်ခဲလှတဲ့၊ မှတ်တမ်းတင်ရမယ့် သမိုင်းဝင်လူထုလှုပ်ရှားမှုတိုက်ပွဲတရပ်လို့လည်း ကိုတေဇာစန်းက ဆိုထားပါတယ်။
တချိန်တည်းမှာပဲ အကြမ်းဖက်စစ်အုပ်စုအတွက်တော့ အလွန်ထိတ်လန့်တုန်လှုပ်စေမယ့် ပြည်သူ့အာဏာလှုပ်ရှားမှုကြီးဖြစ်တယ်လို့ ပြောပါတယ်။
” ယနေ့ ကျနော်တို့ ပြည်သူတွေရဲ့ အကျယ်လောင်ဆုံးသော တိတ်ဆိတ်ငြိမ်သတ်ခြင်းအသံကို တကမ္ဘာလုံးကော၊ အကြမ်းဖက်စစ်အုပ်စုပါ ကောင်းကောင်းကြီး ကြားသိခဲ့ကြရပြီ ဖြစ်ပါတယ်။ ဒီနေ့အသံတိတ်သပိတ်ဟာ စစ်ကောင်စီအတွက်တော့ မရဏမောင်းသံပါပဲ။ ကျနော်တို့ ပြည်သူတွေဟာ အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေး၊ ရသင့်ရထိုက်သော မိမိတို့ မွေးရာပါ လူ့အခွင့်အရေးများ ရရှိရေးတိုက်ပွဲမှာ လုံးဝ သွေးအေးသွားကြမှာ မဟုတ်ပါဘူး”လို့ ကိုတေဇာစန်းက ဆိုပါတယ်။
ပြည်သူလူထုရဲ့ အခုလို စုစည်းညီညွတ်မှု အင်အားနဲ့အတူ ခရီးဆုံးထိချီတက်ကြမယ်လို့လည်း တိုက်တွန်းထားပါတယ်။
ဒီနေ့ မနက် ၁၀နာရီမှ ညနေ ၃နာရီအထိ နိုင်ငံတဝန်း အသံတိတ်သပိတ်ဆင်နွှဲရန် ရှိနေပြီး ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်ကြရန် သပိတ်အင်အားစု အသီးသီးက နှိုးဆော်ခဲ့တာဖြစ်ပါတယ်။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားတဲ့နိုင်ငံခေါင်းဆောင်တွေနဲ့နိုင်ငံရေးအကျဥ်းသားတွေပြန်လွှတ်ပေးဖို့ ၊စစ်တပ်ရဲ့ မတရားတဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ နဲ့ စစ်တပ်ရဲ့ အဓမ္မစစ်သားသစ်စုဆောင်းနေတဲ့ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြဖို့၊ ဖျက်သိမ်းဖို့ စတဲ့အချက်သုံးချက်ကို အသံတိတ်သပိတ်က တောင်းဆိုထားပါတယ်။
စစ်တပ်က အသံတိတ်သပိတ်မှာ ပြည်သူတွေမပါဝင်ဖို့ နည်းလမ်းမျိုးစုံသုံးပြီး ခြိမ်းခြောက်နေတဲ့ကြားက ပြည်သူတွေက ပါးပါးနပ်နပ်၊လုပ်ရသလောက်ပါဝင်နေကြတာ ဖြစ်ပါတယ်။





















































