Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်သက်ဆိုးရှည်နေသရွေ့ ပြည်သူတွေ လူ့အခွင့်အရေးဆုံးရှုံးမှုကြုံနေရမယ်လို့ NUG ခေါင်းဆောင်တွေပြော

စစ်အာဏာရှင်တွေသက်ဆိုးရှည်နေသရွေ့ ပြည်သူတွေ ဖိနှိပ်မှုကြုံရကာလူ့အခွင့်အရေးဆုံးရှုံးမှုတွေကြုံနေကြရမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ခေါင်းဆောင်တွေက ပြောကြားခဲ့ပါတယ်။

မန္တလေးမြို့ပြည်သူတွေက အသံတိတ်သပိတ်မှာ ပူးပေါင်းပါဝင်နေစဉ်။ ဓာတ်ပုံ - GSCB

ဒီဇင်ဘာ ၁၀၊ ၂၀၂၅။ ဆန်အောင်/People’s Spring

စစ်အာဏာရှင်တွေသက်ဆိုးရှည်နေသရွေ့ ပြည်သူတွေ ဖိနှိပ်မှုကြုံရကာလူ့အခွင့်အရေးဆုံးရှုံးမှုတွေကြုံနေကြရမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ခေါင်းဆောင်တွေက ပြောကြားခဲ့ပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၁၀ရက်မှာ ကျရောက်တဲ့ (၇၇)နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ မှာ ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က အထိမ်းအမှတ်စကား ပြောကြားခဲ့ရာမှာ အခုလိုထည့်သွင်းပြောကြားခဲ့တာပါ။

စစ်အာဏာရှင်အစိုးရ အဆက်ဆက်အောက်မှာ ပြည်သူတွေဟာ နှစ်ပေါင်းများစွာ လူ့အခွင့်အရေးဆုံးရှုံးမှုတွေကြုံတွေ့ခဲ့ကြရတယ်လို့ ယာယီသမ္မတက ပြောပြပြီး ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း အကြီးဆုံးသောလူ့အခွင့်အရေးချိုးဖောက် မှုတွေကို ပြည်သူအားလုံး အုံလိုက်ကျင်းလိုက် ခံစားနေကြရတဲ့ အချိန်ဖြစ်တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ပြည်သူတရပ်လုံးဟာ လူ့အခွင့်အရေး ပြည့်၀စွာ ခံစားနိုင်ခွင့် ရရေးဟာဖက်ဒရယ် ဒီမိုကရေစီစနစ် ခိုင်မာအောင် တည်ဆောက်နိုင်ရေးနဲ့ အဓိကဆက်စပ်နေပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ စနစ်တည်ဆောက်နိုင်ရေးကလည်း စစ်အာဏာရှင်စနစ်ကိုချေမှုန်းနိုင်ရေးနဲ့တိုက်ရိုက်ဆက်စပ်နေပါတယ်။ စစ်အာဏာရှင်သက်ဆိုးရှည်နေသရွေ့ ပြည်သူတွေဟာ အချိန်တိုင်း နေ့တိုင်း လူ့အခွင့်အရေးကို ဆက်လက်ဆုံးရှုံးနေကြရအုံးမှာဖြစ်ပါတယ်”လို့ ယာယီသမ္မတက ပြောပါတယ်။

ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း တော်လှန်ရေးဟာ အရင်းအနှီးကြီးမားတာကြောင့် အနာဂတ် အတွက် အမြတ်ကြီးကြီးရဖို့လိုကြောင်းပြောပါတယ်။

” အဲဒီအမြတ်ကတော့တရားမျှတမှုရှိတဲ့ လူ့အခွင့်အရေးကို အာမခံတဲ့ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ပဲဖြစ်ပါတယ်”လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောပါတယ်။

လက်ရှိတော်လှန်ရေးဟာ ဖြန်သန်းခဲ့တဲ့သမိုင်းတလျှောက် အရင်းအနှီးအများဆုံးဖြစ်သလိုထိုက်တန်တဲ့ရလဒ်ကောင်းကိုရရှိဖို့ အခွင့်အလမ်း အများဆုံးတော်လှန်ရေးတခုဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောပါတယ်။

ဒါ့အပြင် တော်လှန်ရေးကိုလျင်လျင်မြန်မြန်အောင်အောင်မြင်မြင် အဆုံးမသတ်နိုင်သရွေ့ ပြည်သူလူထုရဲ့ဘ၀ဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖိနှိပ်မှုအောက်မှာလွတ်လပ်စွာ ဆုံးဖြတ်ခွင့်၊ လုံခြုံမှုရှိခွင့်၊ တရားမျှတစွာရှင်သန်ခွင့်နဲ့ တရားဥပဒေစိုးမိုးမှုအောက်မှာ အကာအကွယ်ရပိုင်ခွင့် စတဲ့ အခြေခံလူ့အခွင့်အရေးများလုံး၀ ပျောက်ဆုံးနေအုံးမှာဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ပြည်သူနဲ့အတူတသားတည်းရပ်တည်ပြီးလူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အချက်အလက်တွေကို စနစ်တကျမှတ်တမ်းတင်တာ၊နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)၊ အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ) စတဲ့နိုင်ငံတကာတရားစီရင်ရေးယန္တရားတွေနဲ့ပူးပေါင်းဆောင်ရွက်ကာ တရားမျှတမှုရဖို့ အစဉ်ကြိုးပမ်းနေသလို နိုင်ငံရေး၊ နိုင်ငံခြားရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးစတဲ့ ကဏ္ဍစုံကလည်းနေ့စဉ် မပြတ် ကြိုးပမ်းတိုက်ပွဲဝင်လျက်ရှိကြောင်း အသိပေးပါတယ်။

အခြားတဖတ်မှာလည်း ပြည်သူတွေရဲ့ ရဲရင့်တဲ့ တိုက်ပွဲဝင်မှုကြောင့် လူ့အခွင့်အရေးကို အခြေခံပြီးကိုယ်ပိုင် ဆုံးဖြတ်ခွင့်ကို ကိုင်စွဲတဲ့ နိုင်ငံရေးယန္တရား တွေဟာဒေသ အသီးသီးမှာပေါ်ပေါက်လာနေတယ်လို့ဆိုပါတယ်။

ဒါဟာ စစ်အာဏာရှင်စနစ်ကလွတ်မြောက်ပြီး လူသားအားလုံးရဲ့ ကိုယ်ပိုင်အခွင့်အရေးတွေ ထွန်းကားတဲ့နိုင်ငံတော်သစ်ကို ပြည်သူကိုယ်တိုင်တည်ဆောက်နေပြီဆိုတာ ကမ္ဘာကို ပြသနေခြင်းဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောပါတယ်။

ပြည်သူတရပ်လုံးရဲ့ မတရားမှုကို ဆန့်ကျင်တဲ့ဆန္ဒ၊ အသက်သွေးချွေး ရင်းနှီးပြီး ဝင်ရောက်ဆင်နွှဲနေတဲ့ စစ်အာဏာရှင် အမြစ်ဖြတ်ရေး တိုက်ပွဲ၊ ပြည်သူတဦးချင်းစီရဲ့ အခြေခံလူ့အခွင့်အရေးနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ဆိုတာတွေကို ရင်ထဲမှာ အမြဲမှတ်သားထားဖို့လည်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းပါတယ်။

ပြည်သူတွေရဲ့ ရဲရင့်တဲ့တိုက်ပွဲဝင်မှု ခိုင်မာတဲ့ ရည်မှန်းချက်နဲ့ညီညွတ်တဲ့ ပူးပေါင်းဆောင်ရွက်ချက်တွေကြောင့် မကြာမီမှာစစ်အာဏာရှင်စနစ်ကို အပြီးတိုင်ချေမှုန်းနိုင် ကာ လူ့အခွင့်အရေး အပြည့်အ၀ ရရှိတဲ့ မြန်မာနိုင်ငံသစ်ကို ဖော်ဆောင်နိုင်မယ်လို့ယုံကြည်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ