ဒီဇင်ဘာ-၁၁၊ ၂၀၂၅။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းမှာ ၃ရက်ကြာတဲ့အထိ လမ်းပိတ်ထားလို့ ခင်ဦးမြို့နယ်မှာ ကားအစီးရေ ရာနဲ့ချီ ပိတ်မိနေကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်ကစပြီး ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း၊ ခင်ဦးမြို့နယ်က ခင်ဦးလမ်းဆုံနဲ့ ကျီကျင်းကျေးရွာမှာ လမ်းပိတ်ထားလို့ ကားအစီးရေ ရာနဲ့ချီ ရပ်တန့်ထားရကြောင်း ကားသမားအချို့က ပြောပါတယ်။
“အတက်ကားတွေ ခင်ဦးလမ်းဆုံမှာပိတ်ထားတာ။ အဆင်းကားတွေက ကျီကျင်းရွာမှာပိတ်ထားတယ်။”လို့ ကားသမားတစ်ဦးက ပြောပါတယ်။

Public Service Announcement
ကားတွေဟာ ရွှေဘိုမြို့ကျော်တာနဲ့ ပိတ်ဆို့နေပြီး ဒီကနေ့ နေ့လယ်ပိုင်းအထိ မြစ်ကြီးနားမြို့ကို ဦးတည်တဲ့ အတက်လမ်းပိုင်းတွေ လုံးဝနီးပါး ဆက်လက်ပိတ်ဆို့နေဆဲလို့ သိရပါတယ်။
ဘာကြောင့် လမ်းပိတ်ထားတယ်ဆိုတာ မသိရသေးဘူးလို့ ကားသမားတွေက ဆိုပါတယ်။လမ်းပိတ်ထားလို့ အတက်အဆင်း ခရီးစဉ်များအားလုံး ရပ်တန့်ထားရတယ်လို့ သိရပါတယ်။
ရွှေဘို–မြစ်ကြီးနားဗျူဟာလမ်းပိုင်းမှာ ကန့်ဘလူမြို့နယ်၊ စံပယ်နံ့သာရွာကနေ ရေကြည်ဦးကျေးရွာအထိ စစ်တပ်က စိုးမိုးထားပြီး အထိုင်ချတပ်စွဲထားကြောင်း သတင်းရရှိပါတယ်။
စစ်ကိုင်းတိုင်းမှာ တိုက်ပွဲတွေနဲ့ လမ်းပိုင်းပိတ်ဆို့မှုတွေ၊ ဂိတ်ကြေးတွေကြောင့် ကုန်တင်ခများ မြင့်တက်လာပြီး ဒေသခံပြည်သူတွေဟာ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ် ရင်ဆိုင်နေရကြောင်း သိရပါတယ်။

















































