ဒီဇင်ဘာ – ၁၂ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring
လာမယ့် နှစ် ၂၀၂၆ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ လူဦးရေ ၁၂ သန်းကျော်ဟာ ဆာလောင်မွတ်သိပ်မှု ဒဏ်ကို ကြုံတွေ့ခံစားရ နိုင်တယ်လို့ မြန်မာနိုင်ငံရဲ့အခြေအနေကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အဖွဲ့ကြီး (WFP)ကဒီဇင်ဘာ လ ၁၁ ရက်မှာ သတိပေးလိုက်ပါတယ်။
ပဋိပက္ခတွေ ပိုမိုပြင်းထန်လာတာနဲ့ နေရပ်စွန့်ခွာတိမ်းရှောင်ရမှုတွေ အရှိန်အဟုန် မြင့်တက်လာမှုတွေက မြန်မာ့ဝမ်းရေးဒုက္ခအကျပ်အတည်းကို ပိုမိုဆိုးရွားသွားစေနိုင်တဲ့ အခြေအနေမှာရှိနေတယ်လို့ WFP က ပြောပါတယ်။
မြန်မာပြည်သူတွဟာဆိုးရွားလှတဲ့ ဝမ်းရေးဒုက္ခကို ရင်ဆိုင်နေကြရပြီး မိခင်တွေကလည်း ကျန်းမာရေးအတွက် လုံလောက်တဲ့အစားအစာတွေကို ဝယ်ယူစားသုံးနိုင်တာ မရှိကြသလို ကလေးငယ်ထောင်ပေါင်းများစွာလည်း အာဟာရချို့တဲ့မှုကို ခံစားနေရတယ်လို့ WFP က ဆိုထားပါတယ်။

Public Service Announcement
ကလေးငယ်တွေနဲ့ မိခင် လေးသိန်းကျော်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပြီး အာဟာရတန်ဖိုးနည်းပါးလှတဲ့ ထမင်းဖြူသက်သက် ဒါမှမဟုတ် ဆန်ပြုတ်ကျဲကျဲကိုသာ အားပြုမှီဝဲနေကြရတယ်လို့ WFP ရဲ့သတိပေးချက်မှာပါရှိပါတယ်။
“ပဋိပက္ခတွေနဲ့ ဆင်းရဲမွဲတေမှုဒဏ်တွေ ပေါင်းစုံပြီး ပြည်သူလူထုရဲ့ အခြေခံအသက်ရှင်ရပ်တည်နိုင်စွမ်းကို တိုက်စားဖျက်ဆီးနေတဲ့အခြေအနေပါ၊ ဒါပေမယ့် နိုင်ငံတကာကတော့ ဒီအပေါ်မှာ အာရုံစိုက်မှု နည်းပါးနေတယ်” လို့ WFP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ မိုက်ကယ်ဒန်ဖို့ဒ် က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့အခြေအနေဟာကမ္ဘာပေါ်မှအဆိုးရွားဆုံးဆာလောင် မွတ် သိပ်မှုအကျပ်အတည်းတွေထဲကတစ်ခုဖြစ်ပြီး ကူညီထောက်ပံ့ဖို့အတွက် ရန်ပုံငွေရရှိမှုအနည်းပါးဆုံးကိုရင်ဆိုင်နေရတယ်လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်က ဆိုပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA)ရဲ့ နောက်ဆုံးထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ မြန်မာမှာ ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေဟာ လက်ရှိ သုံး ဒဿမ ခြောက် သန်းကနေ လာမယ့်နှစ်မှာ လေး သန်းအထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။
ဒီလို ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ တိုးမြင့်လာတာကြောင့် လက်ရှိမှာ အနိုင်နိုင်ရုန်းကန်နေရတဲ့ သန်းနဲ့ချီတဲ့ အိမ်ထောင်စုတွေကို ဆိုးရွားတဲ့ဒုက္ခဆင်းရဲဆီ တွန်းပို့လိုက်သလိုမျိုး ဖြစ်စေနိုင်တယ်လို့လည်း WFP က ပြောပါတယ်။
WFP အနေနဲ့ တော့ လာမယ့် ၂၀၂၆ ခုနှစ်အတွင်း အကူအညီလိုအပ်နေသူ ၁၂ သန်းကျော်ထဲက တစ် ဒဿမ သုံး သန်းကို ကို လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်သွားဖို့ ရည်မှန်းထားပြီး အဲ့ဒီအတွက် အမေရိကန်ဒေါ်လာ ၁၂၅ သန်း လိုအပ်မှာဖြစ်တယ်လို့ WFP က ထုတ်ပြန်အသိပေးထားပါတယ်။


















































